လျစ်လျူရှုမထားသင့်တဲ့ မြန်မာ့ငရဲခန်းကျခံနေရသူတွေ

လျစ်လျူရှုမထားသင့်တဲ့ မြန်မာ့ငရဲခန်းကျခံနေရသူတွေ

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲက ဘဝတွေဟာဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာကို သာမန်ပြည်သူတွေ သိနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေအတွက် မိုး၊ ဆောင်း၊နွေ ရာသီအားလုံးဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ပါပဲ။ ရက်စက်တဲ့စနစ်နဲ့ မခံနိုင်အောင် ဖိနှိပ်ထားတဲ့ထောင်စနစ်ကို စစ်အာဏာရှင်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်သဖွယ်အသုံးချနေတာလို့ ယူဆတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ အကျဉ်းသား ၅၀ သာဆန့်တဲ့ အခန်းတစ်ခန်းက နိုင်ငံတော်အာဏာမက်မောတဲ့ စစ်အုပ်စုကြောင့် လူ ၁၅၀ နေထိုင်နေရတဲ့ အခြေအနေရှိနေပါပြီ။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က သူတို့ကို ဆန့်ကျင်သူ (သို့မဟုတ်) ဆန့်ကျင်တယ်လို့ ယူဆသူတွေအပေါ် လူဖမ်းပွဲ ဆက်တိုက်လုပ်ဆောင်ပြီးနောက် အကျဉ်းထောင်တွေထဲမှာ လူတွေဟာ ငပိသိပ်ထားသလို ဖြစ်သွားပါတော့တယ်။ ဆားသိပ်၊ ငပိသိပ်သလို နေနေကြရတဲ့ လူတွေထဲမှာ လက်သုံးချောင်းထောင်သူ၊ ပန်းပန်သူ၊ ဒီမိုကရေစီ လိုလားသူ၊ လွတ်လပ်မှုကို မြတ်နိုးသူတွေ ပါဝင်ကြပါတယ်။

ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးအကျဉ်းသားလို့ ခေါ်ဆိုပါတယ်။ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာကိုသိမ်းယူထားသူတွေရဲ့ လက်ခုပ်ထဲမှာ နိုင်ကျဉ်းလို့ ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော် ရှိနေပါတယ်။

ရာသီဥတု ပူပြင်းတဲ့ မြန်မာပြည်အလယ်ပိုင်းက မန္တလေးမြို့ရှိအိုးဘိုထောင်မှာဆိုရင် အကျဉ်းသားတွေဟာ အိပ်စရာနေရာ တယောက်ကို တစ်ပေသာသာ ရတာကြောင့် တယောက်နဲ့တယောက် ထပ်လုနီးပါး အိပ်စက်နေရတဲ့ အခြေအနေလို့ ပြောရမှာပါ။

တစ်ပေဆိုတဲ့ အကွာအဝေး အတိုင်းအတာဟာ ခန္ဓာကိုယ် ပိန်သူတယောက်အတွက်တောင် အိပ်စက်ဖို့ရန် ခက်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါက သေသူတယောက်ကို အခေါင်းထဲမှာ ထည့်ထားတာထက်တောင် ကျဉ်းလှပါတယ်။

အိုးဘိုအကျဉ်းထောင်ကိုပဲ နမူနာထား ပြောရရင် အိုးဘိုအကျဉ်းထောင်ဟာ အကျဉ်းသား အများဆုံး ၃၀၀၀ ထားလို့ရအောင် တည်ဆောက်ထားတာပါ။ ဒါပေမဲ့ အခုလက်ရှိမှာတော့ အကျဉ်းသား ၅၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားတာကြောင့် ငပိသိပ်ထားသလို ဖြစ်နေတာလို့ ကနဦးက ဥပမာပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ခိုင်မာတဲ့ သက်သေအထောက်အထားတခု ပြရမယ်ဆိုရင် ထားဝယ်အကျဉ်းထောင်ကနေ မတ်လတုန်းက စွန့်ခွာလာတဲ့ CDM ဆေးမှူး ပြောပြတဲ့ တိုက်ရိုက်တွေ့ရှိချက်တွေကို ကြည့်ကြရအောင်ပါ။

ထားဝယ်အကျဉ်းထောင် အမျိုးသမီးဆောင်မှာ လူ ၁၀၀ ဆန့် အခန်းတစ်ခန်းကို လူအယောက် ၂၀၀ နေထိုင်နေရပါတယ်။လေဝင်လေထွက်မရှိတဲ့ အခန်းကျဉ်းထဲမှာ တည့်တည့်တောင်အိပ်လို့မရတဲ့ အနေအထား၊ အိပ်ရင်း တယောက်နဲ့တယောက် ဖိမိလို့ ကျောအောင့် လက်မောင်းအောင့် ရင်ဘတ်အောင့်တဲ့အထိပါပဲ။

ဒီသတင်းစကားကို ပြောပြတဲ့ CDM ဆေးမှူးဟာ စစ်တပ်အာဏာသိမ်းစကတည်းက CDM လုပ်ခဲ့ပေမယ့် နိုင်ကျဉ်းတွေကို တိတ်တဆိတ်ကူညီပေးဖို့ဆိုပြီး ထားဝယ်အကျဉ်းထောင်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်နေခဲ့သူပါ။

နောက်ပိုင်းမှာ အကျဉ်းထောင်စည်းကမ်းတွေ ပိုတင်းကျပ်လာတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ကူညီခွင့်မရတော့လို့ CDM ဆေးမှူးဟာ ထောင်ပြင်ပကို အပြီးတိုင် ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

ကျောတခင်းစာတောင်မရှိဘဲ ကျောချအိပ်စက်နေရသူတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကမ္ဘာမှာ မြန်မာက နံပတ် ၁ ချိတ်တဲ့အထိအပူပြင်းဆုံးဖြစ်ခဲ့တဲ့ ရာသီဥတုဒဏ်ကို ခံစားခဲ့ရပါတယ်။

အကျဥ်းကျနေသူတွေဟာ နွေရာသီရဲ့ အပူဒဏ်ကို အဝတ်ရေစွတ်ပြီး အံ့တုခဲ့သလို အခု မိုးတွေရွာပြန်တော့လည်း အဝတ်တွေက မခြောက်လို့ ရေစိုအဝတ်တွေနဲ့ပဲ ပွေး၊ ဝဲ၊ ယားယံတွေ ကုတ်ရင်း လူ့ငရဲဘုံကို ဖြတ်သန်းနေကြရပါတယ်။

ကမ္ဘာ့လူသားတွေဟာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့ရပြီးနောက် Social Distancing ခပ်ခွာခွာနေထိုင်ခြင်း ပုံစံကို ဆက်လက်ကျင့်သုံးလာကြပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်မှု တဖန်ပြန်မြင့်တက်လာတဲ့ အချိန်တွေမှာပေါ့။

အကျဉ်းထောင်တွေထဲမှာတော့ မနက်တပိုင်းလုံး ကျန်းမာရေးကောင်းမွန်နေတဲ့ အနေအထားရှိရာကနေ ညနေရောက်တော့ တခန်းလုံး ကိုဗစ်ကူးစက်ခံရပြီး နောက်တရက် မနက်မှာ လူသေအလောင်းတွေကို ဆွဲထုတ်သွားလိုက်တာပါပဲ။

ကိုဗစ်လိုပဲ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ တီဘီရောဂါဟာလည်း နိုင်ကျဉ်းတွေကို ဒုက္ခပေးနေတဲ့ နောက်ထပ် ဆိုးကျော့သံသရာထဲမှာ ပါပါတယ်။

ဒီလိုမျိုး ပူးကပ်ထပ်ညှပ်နေရတဲ့ နေထိုင်မှုကြောင့် ဖြစ်ပွားလာတဲ့ ရောဂါတွေကို ကုသဖို့ရာအတွက် အကျဉ်းသားတဦးအတွက်နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်ခက တစ်လစာကို မြန်မာငွေ ကျပ် ၁၂၀၀ သာ ချပေးထားတယ်လို့ ဆိုပါတယ်။

ယုံကြည်ချက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေဟာ ဒီဒုက္ခနွံထဲမှာ နှစ်ရှည်လများ နေထိုင်သွားရမယ်ဆိုရင် ဖြစ်နိုင်ချေအရှိဆုံးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သွားမယ့် လူသားတွေ ဖြစ်သွားကြပါလိမ့်မယ်။

၂၀၁၀ ကနေ ၂၀၂၀ ခု အထိ ရွေးကောက်ခံအစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လွတ်လာကြတဲ့ နိုင်ငံအကျဉ်းသားဟောင်းအများစုမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ နှလုံး၊ ကျောက်ကပ် စတဲ့ ရောဂါဝေဒနာတွေပါ တွဲရက်ပါလာခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်တွင်းမှာ နှစ်ပေါင်းကြာမြင့်စွာ နေထိုင်ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရပေမယ့် အသက် ၈၅ နှစ်အထိ နေထိုင်သွားရတဲ့ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်တို့လို လူပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား အတော်များများဟာ ရောဂါဘယပေါင်းစုံနဲ့ သက်တမ်းစေ့နေထိုင်ခွင့် မရတတ်ကြပါဘူး။

လက်ရှိအခြေအနေအရ နိုင်ငံရေးအကျဉ်းသားတွေကတော့ မြန်မာပြည်ရဲ့ ၉၆ ခုသော အကျဉ်းထောင်တွေမှာ တခြားသော ရာဇဝတ်အကျဉ်းသား အယောက်သိန်းချီနဲ့အတူ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနက ၂၀၂၀ ခုမှာ ထုတ်ပြန်ထားတဲ့ အကျဉ်းထောင်တွေရဲ့ စာရင်းကို ကိုးကားဖော်ပြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးခံရတဲ့ နှစ်လရက်တွေ ကြာညောင်းလေ ကျန်းမာရေးချို့တဲ့မှု စံနှုန်း မြင့်မားလေပဲ ဆိုတာက လက်တွေ့အမှန်တရားပါ။

အခုလပိုင်းတွေအတွင်းမှာဆိုရင် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဒိုက်ဦးအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင် စတဲ့ နေရာတွေဆီ နိုင်ငံရေးအကျဉ်းသားတွေကို အဓမ္မပြောင်းရွှေ့ပြီး ရိုက်နှက်တာ၊ ခြေချင်းဒေါက်ခတ်ပြီး လအတော်ကြာ တိုက်ပိတ်ထားတာတွေကို ထောင်အာဏာပိုင်တွေဘက်က ဆက်တိုက်လုပ်ဆောင်နေကြပါတယ်။

တချို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပစ္စုပ္ပန်ကာလမှာတင် ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ချိနဲ့သွားပြီး လမ်းလျှောက်လို့မရတဲ့ အနေအထားတွေအထိ ရုပ်ပိုင်း၊ စိတ်ပိုင်း နာကျင်မှုတွေကို ခံစားနေရပါတယ်။

အထင်အရှားဆုံး မြင်သာစေတဲ့ ဖြစ်ရပ်တခုကို ပြရရင် လွန်ခဲ့တဲ့ နှစ်နှစ်၊ ၂၀၂၂ ခုက ကရင်နီမှာ ဖမ်းဆီးခံရတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ဖေမောင်စိမ်း သေဆုံးသွားရတာပါ။

စစ်ကြောရေးမှာ ရိုက်နှက်ခံရလို့ နံရိုးကျိုးသွားရာကနေ ဆေးဝါးကုသခွင့်မရဘဲ အရိုးတီဘီရောဂါနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး သေသွားရာကနေ ဘဝတပါးကို ကူးပြောင်းသွားခဲ့ပါတယ်။လွတ်ရက်စေ့လို့ ထောင်ကနေ လွတ်မြောက်ပြီး သုံးရက်အကြာမှာ သေဆုံးသွားရတဲ့ ဒါရိုက်တာ ဖေမောင်စိမ်း တို့လို နိုင်ကျဉ်းတွေက တစ်ဦးထက်မက ရာထောင်ချီ ရှိနေဦးမယ်ဆိုတာ သေချာပါတယ်။

တော်လှန်ရေးမှာ ဘယ်သူက အနစ်နာခံရဆုံး၊ အပေးဆပ်ရဆုံးဆိုတဲ့ တိုင်းတာခြင်း ပေတံ မရှိကောင်းပေမယ့် နိုင်ငံရေးအကျဉ်းသားတွေဟာ ဒုက္ခအရောက်ရဆုံးသော တော်လှန်ရေးတပ်သားတွေထဲမှာ ပါဝင်ပါတယ်။

ဘာပြစ်မှုကိုမှ ကျူးလွန်ထားခြင်းမရှိသူတွေဟာ အာဏာရှင်မြစ်ပွားနာဖြစ်နေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကြောင့်အကျဉ်းထောင်ငရဲခန်းတွေမှာ သားကောင်တွေအဖြစ် နေထိုင်နေကြရပါတယ်။

ဒါကို ပြည်သူတွေ လျစ်လျူရှုထားလို့ မသင့်သလိုပဲ နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ရန် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ) တို့လို အဖွဲ့အစည်းတွေက အင်တိုက်အားတိုက် ကူညီပေးဖို့ အရေးတကြီး လိုအပ်လှပါတယ်။

ICRC တို့လို အဖွဲ့အစည်းတွေဟာ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့သူတွေကို အိမ်ပြန်လမ်းစရိတ်ပေးရုံ၊အသေးစား ငွေကြေးထောက်ပံ့ပေးရုံမျှ လုပ်ဆောင်နေလို့ မရပါဘူး။

အမှန်တကယ်လုပ်ဆောင်ရမယ့် တာဝန်က အာဏာရှင်တွေ အဓမ္မဖမ်းဆီးကာ အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားတဲ့ နိုင်ကျဉ်းတွေအတွက် လက်တွေ့ကျတဲ့ အကူအညီတွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းစနှစ်မှာ ICRC ဥက္ကဌဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့ ဘယ်အကျဉ်းထောင်ကိုမှ ICRC က ဝင်ရောက်စစ်ဆေးနိုင်တာမျိုး မရှိခဲ့ပါဘူး။

ကူရာမဲ့သလောက် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိင်ကျဉ်းတွေအတွက် အကျဉ်းထောင်က သတင်းစကားတွေကို ဂရုတစိုက်နားစွင့်ပေးကြဖို့၊ ထောင်ဝင်စာလိုအပ်ချက်တွေကို အားဖြည့်ပေးကြဖို့၊ ထောင်အာဏာပိုင်တွေရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်ကြဖို့၊ ICRC တို့လို အဖွဲ့အစည်းတွေကို ဖိအားပေး ပြောဆိုကြဖို့ စတာတွေဟာ လတ်တလော ပြည်သူတွေ ဆောင်ရွက်ပေးလို့ ရနိုင်တဲ့ နည်းလမ်းတွေပါ။

ဒီလို လုပ်ဆောင်ပေးခြင်းဟာ စစ်အာဏာရှင်စနစ် ဝဲဂယက်ကို အမြစ်ပြတ် တူးဆွ၊ ဖြိုလှဲပစ်ဖို့ရန် ကြိုးပမ်းတာဖြစ်သလို တပြိုက်နက်တည်းမှာ အကျဉ်းစံတော်လှန်ရေးတပ်သားတွေနဲ့အတူ တသားတည်း ရပ်တည်နေကြောင်းကို ပြသပေးရာလည်း ရောက်ရှိစေမှာ ဖြစ်ပါတယ်။

ကွန်းဟဒေ့

The Tanintharyi Times