တနင်္သာရီတိုင်းအတွင်းက လွတ်မြောက်လာသူ ၁၀၀ ကျော်မှာ နိုင်ငံရေးအကျဥ်းသား ၁၂ဦးသာပါဝင်
တနင်္သာရီတိုင်းအတွင်းက လွတ်မြောက်လာသူ ၁၀၀ ကျော်မှာ နိုင်ငံရေးအကျဥ်းသား ၁၂ဦးသာပါဝင်
ပုဒ်မ ၅၀၅-က နဲ့အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုလွှတ်ပေးမယ်လို့ ကြေညာထားပေမယ့် တခြားရာဇဝတ်မှုနဲ့အကျဥ်းကျခံနေရတဲ့သူအများစုကိုသာ စစ်ကောင်စီက ဒီနေ့မှာပြန်လည်လွှတ်ပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာတော့ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း အကျဥ်းထောင်သုံးခုက စုစုပေါင်းအကျဥ်းသား ၁၀၅ ဦးကိုလွှတ်ပေးခဲ့ပြီး အဲဒီထဲမှာ ပုဒ်မ ၅၀၅-က နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားကတော့ ၁၂ ဦးသာပါဝင်ပါတယ်။
” စစ်ကောင်စီက အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ကောင်တွေပဲ။ တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဥ်းသား တစ်ထောင်ဝန်းကျင်ရှိတယ်။ အဲဒီထဲက ပါတယ်ဆိုရုံလွှတ်ပေးသွားတာ။ ပုဒ်မနဲ့ကြေညာတော့ မိသားစုတွေအကုန်လုံးကမျှော်နေကြတာ။ အခုက ပုံပြသက်သက်ပါပဲ ” ထားဝယ်အကျဥ်းသားရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
အခုလွတ်မြောက်လာသူတွေဟာလည်း ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခံထားရတာကြောင့် အခုရက်ပိုင်းနဲ့ လပိုင်းအတွင်းမှာ ရက်စေ့ပြီးပြန်လွှတ်လာမယ့်သူတွေသာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ ရာဇဝတ်မှုတွေနဲ့အကျဥ်းကျခံနေရတဲ့ ဒေါက်တာလဲ့လဲ့မော် အပါအဝင် အမျိုးသားအမျိုးသမီး ၂၈ ဦးလွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသားကတော့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးသာလွတ်မြောက်လာခဲ့ပါတယ်။
မြိတ်အကျဥ်းထောင်မှာလည်း လွှတ်ပေးတဲ့အကျဥ်းသား ၄၀ ဦးမှာ နိုင်ငံရေးအကျဥ်းသား ၃ ဦးသာပါဝင်လာသလို ကော့သောင်းအကျဥ်းထောင်မှာလည်း လွှတ်ပေးတဲ့အကျဥ်းသား ၂၀ ဦးမှာ နိုင်ငံရေးအကျဥ်းသား ၅ ဦးသာပါဝင်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်း၂ နှစ်နီးပါးကာလမှာ အပြစ်မဲ့မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မနှစ်ကအောက်တိုဘာလမှာ တစ်ကြိမ်ပဲအရေအတွက်အများအပြားနဲ့လွှတ်ပေးတာရှိခဲ့ပြီး တခြား လူသတ်၊ မုဒိန်း၊ ခိုးမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေကို ၅ ကြိမ်ထက်မနည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
The Tanintharyi Times