ရွှေ့ပြောင်းလုပ်သားတွေကို စစ်ကောင်စီက ခြိမ်းခြောက်အကြပ်ကိုင်
ရွှေ့ပြောင်းလုပ်သားတွေကို စစ်ကောင်စီက ခြိမ်းခြောက်အကြပ်ကိုင်
ပြည်ပရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ဗဟိုဘဏ်နဲ့ချိတ်ဆက်ထား တဲ့ငွေလွှဲလုပ်ငန်းတွေကနေတဆင့် လုပ်ခလစာလွှဲဖို့ စစ်ကောင်စီကခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုပ်ဆောင်လာပါတယ်။
တစ်လမှာတစ်ကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် အများဆုံး သုံးလမှာတစ်ကြိမ် သုံးလစာစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်စနစ်နဲ့ချိတ်ဆက်ထားတဲ့ ငွေလွှဲလုပ်ငန်းလုပ်ငန်းတွေကနေ မဖြစ်မနေလွှဲရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
တကယ်လို့ အဲဒီအတိုင်းမလိုက်နာတာကို စစ်ဆေးတွေ့ရှိခဲ့ရင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို ကာလအကန့်အသတ်ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးတာအပြင် လိုအပ်သလိုအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
“ငွေလဲနှုန်းကွာဟချက်ကြောင့် သူတို့ပြောသလိုလုပ်ဖို့က မဖြစ်နိုင်ဘူး။ ပတ်စပို့သက်တမ်းမတိုးပေး ဘူးဆိုလည်း ကျွန်တော်တို့က မတိုးတော့ဘူး။ တခြားအခွင့်အလမ်းတစ်ခုကိုဖန်တီးမယ်။” လို့ စင်္ကာပူရောက် ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရရဲ့ ကြပ်တည်းတဲ့မူဝါဒတွေကြားမှာ ကြိုးစားရှင်သန်နေရတဲ့ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ကိုင်အခွင့်အလမ်းရှာဖွေဖန်တီးပေးတာမရှိဘဲနဲ့ အခွန်ကောက်ဖို့လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လွဲမှားနေတယ်လို့လည်း AAC အဖွဲ့တာဝန်ခံ ကိုရဲမင်း က ထောက်ပြပါတယ်။
“အဓိကက အလုပ်ရုံတစ်ရုံမှာ အလုပ်သမားခေါင်းတွေစုဖွဲ့ပြီးတော့ စည်းရုံးလို့ရှိရင် ဒီအခွန်ကို မပေးလို့ရတဲ့နည်းစနစ်ရှိတယ်။ ဒီအခွန်ကိုမပေးလို့ထိုင်းကဖမ်းမှာမဟုတ်ဘူး ဖမ်းလို့လည်းမရဘူး။ အခွန်ပေးလိုက်ရင်သာ အကြမ်းဖက်စစ်အုပ်စုအတွက်ဆီဖိုး၊ ကျည်ဖိုးတွေပေးလိုက်သလိုဖြစ်မှာ။” AAC အဖွဲ့တာဝန်ခံကိုရဲမင်းက ပြောပါတယ်။
ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့ အခွန်ရှောင်တိမ်းနိုင်မယ့်နည်းလမ်းတွေကို ကျွန်တော်တို့အနေနဲ့ အလုပ်သမားတွေကို ပြောပြနေတယ်လို့လည်း ကိုရဲမင်းက ဆက်ပြောပါတယ်။
ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဗဟိုဘဏ်နဲ့ချိတ်ဆက်ထားတဲ့ငွေလွှဲလုပ်ငန်းတွေကနေ လွှဲထားတဲ့ အထောက်အထားစာရွက်စာတမ်းတွေကိုလည်း ပြည်ပမထွက်ခင် တာဝန်ယူစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဆီကို ပေးပို့ရမယ်လို့လည်း ဆိုထားပါတယ်။
အေဂျင်စီတွေအနေနဲ့ကလည်း အဲဒီအထောက်အထားတွေကို အလုပ်သမားဝန်ကြီးဌာနထံ ပြန်တင်ပြရမယ်လို့ ဖိအားပေးထားပါတယ်။
“ဒါနိုင်ငံအဆင့် ဓားပြတိုက်တာပဲ။ အဆင့်ဆင့်ဖိအားပေးပြီး အလုပ်သမားတွေကိုကြပ်လိုက်တာ။ ဒီပုံတိုင်းဆို ပြည်ပကိုတရားဝင်အလုပ်ထွက်လုပ်မယ့်သူတွေရှိမှာ မဟုတ်တော့ဘူး။” လို့ မလေးရှားနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့ ရောက်နေတဲ့ သရက်ချောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့လစာတွေကို အခွန်ကောက်ခံမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
The Tanintharyi Times
