ရေဖြူကဥယျာဥ်ခြံတချို့ကို စစ်ကောင်စီကခြံလုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘဲ သွားလာခွင့်ပိတ်ပင်

ရေဖြူကဥယျာဥ်ခြံတချို့ကို စစ်ကောင်စီကခြံလုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘဲ သွားလာခွင့်ပိတ်ပင်

ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာတဝိုက်ကဥယျာဥ်ခြံတွေကို စစ်ကောင်စီတပ်က ခြံလုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘဲ ဝင်ထွက်သွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လနောက်ဆုံးပတ်အတွင်းမှာ ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၀၄) ကသူတို့တပ်ရင်းရဲ့ အ‌ရှေ့ဘက်နဲ့တောင်ဘက်က ဥယျာဥ်ခြံတွေထဲ ဝင်ရောက်တာကိုပိတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“သွားရဲတဲ့သူသွားလို့ပြောတယ်။ တပ်ရင်းထဲကပဲပြောလိုက်တာ။ ဘာကြောင့်ဆိုတာကို သေချာမပြောဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျောက်ကညာရွာရဲ့ အရှေ့ဘက်နဲ့တောင်ဘက်မှာ ရွာခံတွေရဲ့ ရာဘာခြံတွေနဲ့ ကွမ်းသီးခြံတွေ နှစ်မိုင်ပတ်လည်လောက်အထိရှိတယ်လို့ ဒေသခံကဆက်ပြောပါတယ်။

အခုလိုသွားလာခွင့်ပိတ်ထားတာဟာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ရွာအရှေ့ဘက်က ခြံတွေထဲကိုဝင်တဲ့လမ်းတစ်ခုကိုလည်း စစ်ကောင်စီတပ်သားတွေကအတားအဆီးတွေနဲ့ ပိတ်ချထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ကျောက်ကညာရွာတဝိုက်ကဥယျာဥ်ခြံတွေထဲကို စစ်ကောင်စီတပ်သားတွေဝင်လာပြီး ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ဆိုင်ကယ် ၆ စီးကိုလည်းသိမ်းဆည်းသွားတယ်လို့ ဒေသခံအမျိုးသားကဆိုပါတယ်။

အခုလက်ရှိမှာ ရာဘာခြံတွေကလုပ်ကိုင်တာမျိုးမရှိသေးပေမဲ့ ကွမ်းသီးနုရာသီဖြစ်တာကြောင့် ခြံလုပ်ကိုင်သူတွေက ကွမ်းသီးနုတွေခူးပြီးရောင်းချတာတွေ အဓိကလုပ်ကိုင်နေကြတာပါ။ လက်ရှိမှာတော့ ရန်ကုန်-ထားဝယ်ကားလမ်းနဲ့အနီးအနားကခြံတွေကိုပဲ ဝင်ထွက်လို့ရနေတယ်လို့ ကျောက်ကညာရွာက ဒေသခံတွေက ဆိုပါတယ်။

“ခိုးပြီးဝင်လို့လည်းမရဲဘူး။ ဘာမှလုပ်လို့မရလို့ ထိုင်နေရတယ်။ ကျနော် တို့ဆိုလည်း ခြံထဲဝင်မှပဲစားသောက်လို့ရတယ်လေ” လို့ နောက်ထပ်ရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ဥယျာဥ်ခြံတွေထဲသွားလာခွင့် မပိတ်ခင်ကတော့ ကျောက်ကညာကျေးရွာအနီးက ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ပူးပေါင်းတိုက်ခိုက်တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လက်နက်လေးလက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းမိခဲ့ပါတယ်။

ကျောက်ကညာရွာက ဒေသခံတွေကတော့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ရောက်လာတဲ့လမ်းလို့ ယူဆပြီးသွားလာခွင့်ပိတ်တာဖြစ်နိုင်သလို တပ်ရင်းကိုလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်ပြီး ပြင်ဆင်လုပ်ဆောင်တာလည်းဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ အခုနှစ်အစပိုင်းတွေကလည်း ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ (၃၀၈)နဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၂)တို့က သူတို့ရဲ့အနီးတဝိုက်မှာရှိတဲ့ ဥယျာဥ်ခြံတွေကိုသိမ်းဆည်းပြီး မိုင်းထောင်တာတွေပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီဘက်က သွားလာခွင့်ပိတ်ထားတာမျိုးတွေအပြင် တပ်ရင်းတွေ၊ တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးတွေမကြာခဏပစ်ခတ်လေ့ရှိတဲ့ဒေသက ဥယျာဥ်ခြံတွေကိုလည်း ဒေသခံသွားရောက်လုပ်ကိုင်လို့ မရဲတော့တာတွေရှိနေပါတယ်။

The Tanintharyi Times