AA အကျဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား ၅၀ ကျော် သေဆုံး
AA အကျဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား ၅၀ ကျော် သေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့က အာရက္ခတပ်တော် AA ရဲ့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ အပါအဝင် အကျဉ်းသား ငါးဆယ်ကျော် ပွဲချင်းပြီး သေဆုံးကြောင်း အာရက္ခတပ်တော် AA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
မနေ့ည က ၉ နာရီခွဲ အချိန်မှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မောင်တောမြို့၊ လေးမိုင် နခခ-၂ စခန်း နေရာဟာ AA က ခေတ္တထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေနဲ့ အရပ်သား အကျဉ်းသားတွေ ရှိနေတာပါ။
သေဆုံးခဲ့သူတွေထဲမှာ မောင်တောမြို့သိမ်းတိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ၊ ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်တွေ၊ စစ်ကောင်စီရဲ့ သတင်းပေးတွေပါဝင်တယ်လို့ AA ကဆိုပါတယ်။
ဒါ့အပြင် ULA/AA ကို အနှောက်အယှက်ပေး ဖျက်ဆီးဖို့ ကြိုးစားအားထုတ်နေတာကြောင့် ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သူတွေ၊ ALP နဲ့ ဆက်စပ်နေသူတွေ၊ သံသယအမျိုးမျိုးနဲ့ စစ်ဆေးမေးမြန်းဖို့ သူတချို့ အပါအဝင် စုစုပေါင်း အကျဉ်းသား ၅၀ ကျော် အဆိုပါ အကျဉ်းစခန်းမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်းထန်ဒဏ်ရာရပြီး အသက်စိုးရိမ်ရသူတွေ များစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီလေတပ်ဟာ မနေ့ည ၈ နာရီကျော်မှာ မောင်တောမြို့၊ ၃ မိုင်နဲ့ ဝေသာလီကျေးရွာအတွင်းရှိ ကုလသမဂ္ဂ UN အဆောက်အဦးကိုလည်း ဂျက်လေယာဉ် ၁ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလည်း အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားတဲ့ ပေါက်တောမြို့ရှိ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာ နေရာကို ဗုံးကြဲခဲ့ပြီး AA က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး အပါအဝင် အကျဉ်းသားတချို့နဲ့ အနီးဝန်းကျင်နေထိုင်သူ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း အကြိမ် ၄၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ BMC က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times