မောင်တောတိုက်ပွဲမှာ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုနေတယ်လို့ AA ပြော
မောင်တောတိုက်ပွဲမှာ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုနေတယ်လို့ AA ပြော
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဩဂုတ် ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
မောင်တောမြို့ပြင်မှာ AA က မသိမ်းပိုက်ရသေးတဲ့စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် နခခ (၅) စခန်း တခုတည်းသာ ကျန်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဆိုပါတပ်စခန်းအတွင်းသို့ ဆုတ်ခွာခဲ့အပြီးမှာ ဓာတုဓာတ်ငွေ့အဆိပ်ပါတဲ့ ဗုံးတွေနဲ့ စခန်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မောင်တောမြို့ကနေ ဆုတ်ခွာသွားစဉ်မှာလည်း စစ်ကောင်စီက သူတို့ စခန်းချထားတဲ့ တိုက်တာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့ မောင်တောမြို့အတွင်းရှိ စစ်ကောင်စီရဲ့ ခံစစ်နေရာအများစုကို သိမ်းပိုက်ရရှိထားပြီး ဩဂုတ်လ ၂၇၊ ၂၈၊ ၂၉ (၃) ရက်တာအတွင်း မောင်တောမြို့ နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ရုပ်အလောင်းတွေအပြင် စစ်သုံ့ပန်းတွေ၊ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးနေကြပြီး AA ဘက်က လိုက်လံရှင်းလင်း တိုက်ခိုက်နေတာကြောင့် မြို့တွင်းနေရာတချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်တွေဟာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာရှိပြီး AA အနေနဲ့ ပြည်သူ ၂၆,၀၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံတွဲမြို့နယ်တော့ စစ်ကောင်စီဘက်က မောင်ရွှေလေးရေတပ် မကျရေးအတွက် စစ်ကူအင်အား၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက် ထပ်မံဖြည်းတင်းကာ ကြည်း၊ ရေ၊ လေ တပ်တွေ ပူးပေါင်းခုခံနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာလည်း ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
