ဆီးချိုသမားတွေနဲ့ အာဟာရ
ဆီးချိုသမားတွေနဲ့ အာဟာရ
ယနေ့ခေတ်မှာ ဆီးချိုဆိုတဲ့ရောဂါကို နေရာအတော်များများမှာ ကြားနေရပါတယ်။ မင်းမှာဆီးချိုစဝင်နေပြီ ဆိုတဲ့ ပြောသံကို ကြားမိလိုက်တဲ့အချိန်မှာ ကြောက်လန့်စိတ်ဝင်သွားတယ်လို့ လူနာတစ်ယောက်ရဲ့ ရင်ဖွင့်သံကိုလည်း ကြားဖူးပါတယ်။
- ဆီးချိုရှိနေပြီဆိုရင် ကြိုတင်သိရှိနိုင်တဲ့အချက်တွေ
- မကြာခဏဆီးသွားခြင်း
- အလွန်အကျွံရေဆာခြင်း
- လက်တွေ ထုံကျဉ်ခြင်း
- အာရုံစူးစိုက်လို့ မရခြင်း
- ကိုယ်အလေးချိန် လျော့ကျခြင်း
- အမြင်တွေ ဝေဝါးလာခြင်း
- အထူးသဖြင့် အနာဖြစ်လွယ်ခြင်း
- အနာဖြစ်ရင်လည်း ပျောက်ခဲခြင်း
- ဆီးချိုသမား ဘာစားသင့်လဲ
ဆီးချိုသမားအများစုဟာ သူတို့ ဘယ်လိုအစာတွေနဲ့ တည့်သလဲ၊ စားသင့်သလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏ မေးလေ့ ရှိတတ်ပါတယ်။
ဆီးချိုရောဂါရှိသူတွေ အနေနဲ့ အစာစားချိန် မှန်ဖို့ လိုအပ်ပါတယ်။ ဒါ့အတူ ဆေးသောက်
ချိန်လည်း မှန်ဖို့ လိုပါတယ်။ အိပ်ချိန်လည်း မှန်ဖို့ လိုပါသေးတယ်။
ဆီးချိုသမားအများစုက အချိုဆိုလက်ရှောင်ကြတာ များပါတယ်။ တကယ်တော့ ဆီးချိုဆိုတာနဲ့ အချိုဓာတ်ကို လုံးဝရှောင်ကြဉ်ဖို့ မလိုပါဘူး။ သင့်တင့်မျှတတဲ့ အချိုဓာတ်ရှိဖို့ လိုပါတယ်။
ခန္ဓာကိုယ်အတွင်းက လိုအပ်တဲ့ သွေးတွင်းသကြားဓာတ် မလုံလောက်ရင်လည်း ဆီးချိုကျခြင်းဆိုတဲ့ ဆိုးကျိုးတစ်ခုကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသမားတွေအနေနဲ့ မိမိတို့ စားမဲ့ အချိုပမာဏကို လျော့ချပြီး စားသုံးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
- ဆီးချိုသမားတွေ စားသုံးနိုင်တဲ့ အဆာပြေတွေ
- ပြောင်းဖူး၊ ကန်စွန်းဥ၊ ရဲယိုသီး၊ ဖရဲသီး၊ စိမ်းစားဥ၊ ဆီးသီးအခြောက်
- ဆီးချိုသမားစားသုံးနိုင်တဲ့ အသီးအနှံတွေ
- ကင်းပုံရွက်၊ ကြောင်လျှာပွင့်၊ ဒန့်သလွန်ရွက်၊သရက်ရွက်၊ခွေးတောက်ရွက်၊ဆီးဖြူသီး၊ ခဝဲသီး၊ မြင်းခွာရွက်၊ ဆင်တုန်းမနွယ်၊ ငရုတ်ပွ၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး
- ဆီးချိုသမားတွေ စားသုံးနိုင်တဲ့ ပဲတွေ
- ပဲဝါလေး၊ ပဲနံ့သာ၊ ပဲပိစပ်၊ ပဲစင်းငုံ
- ဆီးချိုသမားတွေ စားပေးသင့်တဲ့ အစေ့အဆန်တွေ
အစေ့အဆန်အများစုက အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုသမားတွေ စားသုံးပေးသင့် ပါတယ်။
- ဗန်ဒါစေ့၊ နေကြာစေ့၊ သစ်ကြားသီး
- ဆီးချိုသမားတွေ စားသုံးနိုင်တဲ့ အသီးတွေ
- ဗီတာမင်စီပါတဲ့ အသီးတွေ ဖြစ်တဲ့ ဆီးဖြူသီး၊ စတော်ဘယ်ရီ၊ ချဉ်တဲ့ အသီးမှန်သမျှ
စားသင့်တာတွေကို သိရှိရုံနဲ့ မလုံလောက်ပေ။ရှောင်သင့်တာတွေကိုလည်း သိရှိထားဖို့လိုအပ် လှပါတယ်။
အထူးသဖြင့် အသင့်သောက်အချိုရည်တွေသောက်သုံးခြင်း၊ တိရစ္ဆာန်တွေရဲ့ အဆီတွေကို စားသုံးခြင်း၊ အချိုများတာတွေ အလွန်အမင်းစားခြင်း၊ မြေကြီးအတွင်းက ထွက်တဲ့ ဥတွေ၊ ဟင်းခတ်မှုန့်တွေ အလွန်အမင်းသုံးခြင်းတို့ ရှောင်ကြဉ် ရပါမယ်။
- ဆီးချိုသမားတွေနဲ့ မသင့်တော်တဲ့အစားအစာတွေ
အေးခဲတဲ့ အသားတွေ၊ ဝက်သား၊ ငှက်သား၊ ဩဇာသီး၊ မင်းကွတ်သီး၊ ရှောက်ချိုသီး၊ ပဲန္နဲသီး၊ သရက်သီး၊ ငါးသေတ္တာ၊ ခရင်ပါတဲ့ဘီစကွတ်၊ အုန်းနို့ပါတဲ့ အစားအစာတွေ၊ လက်ဖက်ရည်၊ ဒန်ပေါက်၊ ဖာလူဒါ၊ အပြင်စာတွေ၊ အသင့်စားခေါက်ဆွတွေ၊ ကြံ၊ သကြား၊ပေါ်ဆန်းမွှေးဆန်
-တကယ်တော့ ဆီးချိုသမားတွေ အမှတ်အယူမှားနေတဲ့ အချက်တွေ ရှိပါသေးတယ်။ ဆီးချိုသမားအများစုက အချိုရှောင်တယ်ဆိုပြီး အခါးဓာတ်တွေကို အလွန်အမင်းစားတတ်ကြတာမျိုးပါ။
အခါးဓာတ်တွေ စားလွန်းတဲ့အခါမှာ သွေးကျခြင်း၊ သွေးတက်ခြင်းဆိုတဲ့ ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။
- အထူးသတိပြုရမဲ့ အချက်တစ်ခုလည်းရှိပါသေးတယ်။
ဆီးချိုသမားအများစုက သွေးဖောက်ရမှာကိုကြောက်ကြတဲ့အတွက် ဆီးချိုစစ်ခြင်းကိုငြင်းဆန်လေ့ ရှိတတ်ကြပါတယ်။ ဘာမှမဖြစ်ဘဲ ဘာလို့သွေးဖောက်ရမှာလဲ ဆိုတဲ့ဆင်ခြေလည်း ပေးတတ်ကြတယ်။ ဆီးချိုသမားဆိုရင်တော့ လက်ထိပ်မှာ သွေးဖောက်ပြီး ဆီးချိုစစ်ခြင်းကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
အစာမစားခင်မှာ စစ်ရင် ရှိရမဲ့ ပမာဏ၊ အစာစားပြီးစစ်ရင် ရှိရမဲ့ ပမာဏတို့ကို မိမိအိမ်မှာရှိတဲ့ဆီးချို စစ်တဲ့စက်ပေါ်မူတည်ပြီး သိရှိထားဖို့ လိုအပ်ပါတယ်။ ဆီးချိုစစ်ရမှာ အသုံးပြုတဲ့ စတစ်ပြားရဲ့ သက်တမ်း ကုန်ဆုံးမှုရှိမရှိကိုလည်း အမြဲစစ်ဆေး ပေးရပါမယ်။
ဆီးချိုသမားတွေ အနေနဲ့ စိတ်ဖိစီးမှုကိုလျော့ချပေးဖို့လည်း လိုပါတယ်။
သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပေးသင့်ပါတယ်။
အရက်၊ ဘီယာသောက်ခြင်း၊ ဆေးလိပ်
သောက်ခြင်းတွေကိုလည်း ကျောခိုင်းထားသင့်ပါတယ်။
ဆေးပညာရှင်တို့ ညွှန်ကြားချက်အတိုင်း ဆေးတွေကို သုံးစွဲနေဖို့လိုပါတယ်။
PKN
The Tanintharyi Times
