ကျွန်တော်တို့ကို မငေါက်ပါနဲ့

ကျွန်တော်တို့ကို မငေါက်ပါနဲ့

ကျွန်တော်တို့ကို အမြဲတစေ အလိုမကျနေသူတွေရှိတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် အပြစ်မကင်းသလို ပြစ်တင်မောင်းမဲဖို့ ကြံနေသူတွေက ကျား‌ချောင်းသလို ချောင်းနေကြတယ်။ သူတို့က ဘယ်သူတွေလဲ။

သူတို့က ကျည်ကွယ်မျက်ကွယ် ရောက်နေကြသူတွေ ဖြစ်ပါတယ်။

ဒီကာလမှာ ပျော်စရာတွေက ပါးလျလှပါတယ်။ ပျော်စရာထက် မောစရာက ပိုများတဲ့ကာလ။ ကိုယ့်ကိုကိုယ် ကြံဖန်ပျော်အောင် မနည်း မွေးမြူနေကြရတာပါ။ တကယ်တော့ ကျွန်တော်တို့ အဖြစ်က သနားစရာ။

ကျွန်တော်တို့ အငေါက်အငမ်း ခံကြရတဲ့နေရာက လူမှုကွန်ယက် ဖြစ်ပါတယ်။ လူမှုကွန်ယက်ဆိုတာ အပျော်တွေ ဝေမျှကြတဲ့ ဆိုရှယ်ပလက်ဖောင်း ဖြစ်ပါတယ်။ ထင်မြင်ချက်တွေ ရေးကြသားကြတယ်။ နည်းနည်းပါးပါး ကြွားကြဝါကြတာတွေလည်းရှိတာပေါ့။ အတင်းတုပ်တာဝါသနာပါကြသူတွေကလည်း မက်ဆင်ဂျာကနေ ပြောကြဆိုကြတာ ရှိတာပေါ့လေ။

တခါတရံတော့ ဖတ်ထား၊ မှတ်ထားတာလေးတွေနဲ့ လူတတ်ကြီးလုပ်ပြီး ဆရာကြီး အထာဖမ်းချင်ကြသူတွေလည်း ရှိတာပဲ။ အရောင်းအဝယ် ဝါသနာထုံသူတွေအတွက်လည်း အကောင်းဆုံး ဈေးဗန်းကြီးပဲ မဟုတ်လား။

ဆယ်ကျော်သက်တွေကတော့ ရည်းစားလေးဘာလေးလည်း ရှာချင်ရှာမှာပေါ့။

တချို့ကတော့ ကိုယ်တိုင်က ခက်ခဲပင်ပန်း နွမ်းနယ်နေပေမဲ့ မိတ်ဆွေတွေကို ရယ်စေချင်တာကြောင့် အခွီပို့စ်တွေ ထိုင်ရှဲနေသူတွေကလည်း သပ်သပ်ရှိနေတယ်။ ဘာပဲ ဖြစ်ဖြစ် ဖေ့စ်ဘုတ်သုံးရတာ ဟိန်းလား၊ ဟောက်လား မရှိရင် ပျော်စရာပဲ မဟုတ်လား။

ဖေ့စ်ဘုတ်ဆိုတာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ရှိရာ နေရာ။ လူတစ်ဦးတစ်ယောက်ကို ကိုယ်သဘောမကျရုံနဲ့ ငေါက်ငမ်းစရာ အကြောင်း မရှိပါဘူး။ မကြိုက်ရင် ကျော်သွားခွင့်ရှိတယ်။ သဘောမတူခဲ့ရင် သဘောမတူကြောင်း အကျိုးသင့် အကြောင်းသင့် ချေပဖို့ ကွန်မင့်န် ရေးသားနိုင်တယ်။ (မိုက်ရိုင်းစွာ ဆဲရေးတိုင်းထွာခွင့် ဘာအကြောင်းနဲ့မှ မရှိရဘူး။)

ကျွန်တော်တို့ခမြာ စားကြသောက်ကြတဲ့ပုံတင်ရင်လည်း အငေါက်ခံကြရတယ်။ ခရီးတိုရှည်ထွက်မိလို့ အမှတ်တရပုံလေး တင်မိပြန်

ရင်လည်း ငေါက်မဲ့ ငမ်းမဲ့သူက အရန်သင့်။ အခွီပို့စ်လေး ရယ်ပါစေတော့ရယ်လို့ ရှဲမိပြန်ရင်

လည်း ဒီပေ့ခ်ျတွေက ရိခ်ျ(react - တုန့်ပြန်မှု) တက်အောင်လုပ်နေတာ ဒါလေးတောင်မသိရကောင်းလားဆိုသူကလည်း တပုံတပင်။

ငေါက်ငမ်းနေသူတွေကို မေးခွန်း ထုတ်ရပါတော့မယ်။ စစ်အာဏာရှင်လက်အောက်မှာကျနော်တို့ ဖေ့စ်ဘုတ်သုံးနေတာ ပျော်တယ် ထင်နေလား။ သောကကင်းကင်း ခေါင်းပြားအောင် အိပ်နိုင်နေပြီလို့ မှတ်ယူနေကြသလား။ ကျနော်တို့အားလုံး နွမ်းနယ်နေကြတယ်။ ညှိုးငယ်နေကြတယ်။ ဆုံးရှုံးနေကြရတယ်။ အလိုလိုနေရင်း သိမ်ငယ်နေကြရတယ်။

နေ့စဉ်ဘဝမှာ ပူပင်သောက ဗျာပါဒတွေနဲ့ ရုန်းကန်နေကြရတယ်။

စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်းမှာ နေ့စဉ်နဲ့အမျှ ကုန်ဈေးနှုံးက တရိပ်ရိပ် တက်နေတယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဝေးကွာနေရတယ်။

အလှည့်ကျပေးတဲ့ လျှပ်စစ်မီးပေးစနစ်အောက် မှာ မီးလာပြီဆိုတာနဲ့ အိမ်ရှိလူကုန် အလုပ်ရှုပ်ကုန်ရတာ မိတ်ဆွေတို့ စာနာမိရဲ့လား။

မီးဖျပ်ကနဲ လာပြီဆိုတာနဲ့ ပလပ်ပေါက်တွေထဲ ပလပ်ခေါင်းမျိုးစုံ ထိုးထည့်ပြီး အားသွင်းကြရတယ်။ ရေတင်ကြရတယ်။ ထမင်းဟင်း အပြေးအလွှား တည်ကြရတယ်။ မီးလာချိန်အတွင်းမှာတောင် အပြည့်အဝ လာပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ထမင်းဟင်း ချက်နေရင်း တန်းလန်း မီးပျက်သွားရင် မီးလာတဲ့ရပ်ကွက်ဆီ တည်လက်စ ထမင်းအိုး ဟင်းအိုးတွေ သယ်ပြေးကြရတယ်။ ဆန်တစ်ပြည် ခုနှစ်ထောင် ရှစ်ထောင် ပေးပြီး ဝယ်စားနေရတဲ့ကာလမှာ ထမင်းတစ်အိုးကို ဘယ်သူမှ အဟောသိကံ အဆုံးရှုံး မခံနိုင်ဘူး။

ဒီကြားထဲ သူတို့သတ်မှတ်ဈေးနဲ့ ရောင်းတဲ့ စားဆီ၊ စက်သုံးဆီလည်း နည်းနည်းမှ သက်သာလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ငွေကုန် အချိန်ကုန် လူပန်း နေပူမိုးရွာမရှောင် တန်းစီကြရသေးတာ။

ဆူကြငေါက်ကြသူတွေထဲမယ် အဝေးရောက် မင်းတွေက အဆိုးဆုံးပဲ။ အနီးက ဆရာကြီးများကလည်း သူတို့ အမြင်မတော်ရင် ဝင်ငေါက်ဖို့ ဝန်မလေးဘူး ခင်ဗျ။

ကျွန်တော်တို့ကို ငေါက်ကြသူတွေထဲမယ် တိုင်းသိပြည်သိ ဆယ်လီဗရစ်တီတွေလည်းပါတယ်။ တချို့သော ဆယ်လီတွေကတော့ ကျွန်တော်တို့ အခက်အခဲကို စာနာနားလည်ပုံ့ရတယ်။ ငေါက်ငေါက်ငမ်းငမ်း သိပ်မလုပ်ဘူး ခင်ဗျ။

အဲဒီအတွက်လည်း ကျေးဇူးတင်ရပါတယ်။

တကယ်တော့ ငေါက်တယ်ငမ်းတယ် ငေါက်ခွင့်သာသူက အငေါက်ခံသမားတွေကို ဟိန်ရင်းဟောက်ရင်း သူတို့ဖာသာ စိတ်အပန်းဖြေကြတာသာ ဖြစ်ပါတယ်။ လူအချင်းချင်း ဘယ်သူက ဘယ်သူ့ကို ဘာအကြောင်းနဲ့မှ ငေါက်စရာ အကြောင်းမရှိပါဘူး။ ငေါက်ငမ်းခွင့်ရတဲ့အပေါ် ငေါက်ငမ်းပြီး သာယာနေကြတာသာ ဖြစ်ပါတယ်။

ငေါက်တယ်ဆိုတာ ကိုယ့်စိတ်အဆင်မပြေမှုတွေကို တဖက်သားအပေါ် ပုံချအပြစ်တင်ခြင်း တစ်မျိး ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

အများစုကတော့ ဘာဖြစ်ဖြစ် ဆူမယ်ငေါက်မယ် ဆိုတာချည်းပဲ။ ကျနော်တို့အဖို့ ဖေ့စ်ဘုတ်လေး ခဏတဖြုတ်သုံးရဖို့အရေး vpnနဲ့ တိုင်ပါတ်နေတာကိုက အကြာကြီး။ သောကအပူ၊ မောဟအပူတွေကြားထဲက ခေတ္တ ခဏ ရုန်းထွက်ချင်လို့ ဖေ့စ်ဘုတ်လေး ပွတ်မိပါမှ ဟိန်းဟောက်ကြမဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ တန်းတွေ့ရသူတွေအဖြစ်က သနားစရာပါပဲ။

ဒီကာလမှာ ဘယ်သူမှ အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီလိုပဲ အဆင်ပြေအောင် ကြံဖန် ကြိုးစားနေထိုင်နေကြရတာပါ။

အငေါက်ခံနေရတဲ့ ဘဝတူ မိတ်ဆွေတွေကို ကျနော် မရဲတရဲ အကြံဉာဏ်ပေးကြည့်ပါ့မယ်။

ဘာအကြောင်းနဲ့ မှ အငေါက် မခံပါနဲ့။ ဖေ့စ်ဘုတ်သုံးတာကိုက စိတ်ပျော်ရွှင်မှု ရလို့ရငြား သုံးနေတာ မဟုတ်ပါလား။ ဘာဖြစ်လို့ ကျွန်တော်တို့က အငေါက်ခံကြရမှာလဲ။

ထင်ရှားတဲ့ စကားတစ်ခုရှိတယ်။

ကျွန်တော်တို့ ဒူးထောက်နေကြလို့ သူတို့ အနိုင်ကျင့်ခွင့်ရနေတာ။ အခုပဲ ကျွန်တော်တို့ မတ်တပ်ရပ်လိုက်ကြပါစို့တဲ့။

ငေါက်တဲ့သူတွေကို အန်ဖရန့်လုပ်ဖို့ ဝန်မလးပါနဲ့။ လိုအပ်ရင် ဘလော့ပစ်ပါ။

လူအချင်းချင်း ငေါက်ငမ်းခြင်း ကင်းဝေးဖို့ လိုတယ် မဟုတ်လား။

ကျေးဇူးပြ၍ ကျွန်တော်တို့ကို မငေါက်ပါနဲ့ ခင်ဗျား။

အယ်ဒို

The Tanintharyi Times