သန်းခေါင်ယံဗိုက်ဆာခြင်း
သန်းခေါင်ယံဗိုက်ဆာခြင်း
ထူးအိမ်သင်ရဲ့
မေမေချစ်တဲ့သားကြီးသီချင်းဟာ
ငါနားမထောင်ချင်တော့တဲ့
သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်
အမေဆုံးခဲ့တာ၂၂နှစ်ကျော်ခဲ့ပြီကိုး။
လေးဖြူရဲ့အဖေသီချင်းလည်း
နားမထောင်ဖြစ်ခဲ့တာကြာပေါ့
အိမ်ပြေးသားတစ်ယောက်ရဲ့
အဖေ့မျက်၀န်းမှာ
ကမ္ဘာကြီးငြိမ်းချမ်းစေမယ့်တရားပါတယ်။
သူ့သားလေးအိမ်ပေါ်ခေါ်လာမယ့်
ချွေးမချောချောရတနာတစ်ပါးပါတယ်။
ကိုးရီးယားကနေ ပိုက်ဆံပ်ို့ပေးနေမယ့်
ဆံပင်ကောက်ကောက်သားလိမ္မာပါတယ်။
မုန့်ဖိုးတွေခိုးပေးတတ်တဲ့အဖေဟာ
သူ့သားရဲ့နရသိန်အပြန်လမ်းမှာ
ကျန်းမာရေးကောင်းလာခဲ့တယ်။
ချွေမလေးလိုချင်လိုက်လေခြင်း
လို့ပြောတတ်တဲ့အဖေဟာ
သူ့သားရဲ့ စွန့်ပစ်ခြင်းတရားအောက်မှာ
အိပ်ရာပေါ်ဘုန်းဘုန်းလဲခဲ့တယ်။
တိတ်ဆိတ်တဲ့ဉာဥ်သန်းခေါင်ယံမှာ
အချစ်တွေတမ်းတပြီးရေးခဲ့တဲ့ကဗျာတွေမှာ
စကားလုံးအမှားတွေပါလာတယ်။
ထောင်ဆိုတဲ့တရားမှာ အမှောင်ဆိုတဲ့
အထီးကျန်မှုတွေပါတယ်။
တော်လှန်ခြင်းတရားမှာ မှော်ဆန်တဲ့
လှည့်ဖျားမှုမာယာတွေပါတယ်။
ချစ်ခြင်းတရားမှာ လှစ်ဟင်းခြင်းတွေ
မျှော်လင့်မှုတွေ တမ်းတမှုတွေပါတယ်။
အမေဆုံးတဲ့နေ့မှာ ငါလူမဖြစ်သေးဘူး။
မျှော်လင့်ချက်တွေပျက်စီးတဲ့အခါ
ငါလက်မလျှော့သေးဘူး။
အိမ်မက်တွေသေဆုံးတဲ့အခါ
ငါ၀မ်းမနည်းသေးဘူး။
လောလောဆယ်ငါမကျဆုံးသေးဘူး။
နှင်းအောင်
The Tanintharyi Times
