လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု အရပ်သား ၅ ဦး သေဆုံး
လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု အရပ်သား ၅ ဦး သေဆုံး
ကိုးကန့်တပ်တွေထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်က နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
နမ့်ပေါင်ကျေးရွာက လူနေအိမ်တွေကို မနေ့က ည၇ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ MNDAA က ထုတ်ပြန်လာတာပါ။
အခုရက်ပိုင်းအတွင်းမှာ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့တွင်းနဲ့ မြို့နယ်အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ လားရှိုးမြို့ပေါ်ရှိ က အားကစားရုံနဲ့ Silver Sky ဟိုတယ်အနီးဝန်းကျင်ကို ဗုံးကြဲသွားတာကြောင့် အဆောက်အအုံနဲ့ မော်တော်ယာဉ် အမြောက်အမြား ပျက်စီးသွားတာတွေ ရှိခဲ့ပါတယ်။
ဩဂုတ်လဆန်းပိုင်းကစပြီး လားရှိုးမြို့ကို MNDAA ထိန်းချုပ်ရရှိပြီးနောက် အုပ်ချုပ်ရေးကဏ္ဍတွေ ပြန်လည်ဖော်ဆောင်နေချိန်မှာ မြို့ကနေ ထွက်ခွာသွားသူတချို့ကတော့ မြို့ကို ပြန်လည်ရောက်ရှိနေကြပေမယ့် လေကြောင်းရန်ကတော့ စိုးရိမ်စရာ ဖြစ်နေရတယ်လို့ လားရှိုးမြို့ ဒေသခံ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။
“သူ (စစ်ကောင်စီ) သုံးတဲ့ ဗုံးတွေက ကာဗာလုပ်လည်း အလကားပဲလေ၊ အမြင့်ပေ ၃,၀၀၀ လောက်ကနေ ကြဲတာဆိုတော့ ဘာမှ လုပ်လို့မရဘူး၊ ဘယ်တတ်နိုင်မတုန်း၊ မိသားစုကတော့ အရင်ကတည်းက အခြားနေရာမှာ ရွှေ့ထားပြီးသား၊ လောလောဆယ်တော့ စားဝတ်နေရေးကလည်း ရှိသေးတော့ အဲလိုပဲ နေရတာပေါ့” လို့ အဆိုပါ ဒေသခံအမျိုးသားက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာလည်း လားရှိုးမြို့လယ် အုပ်ချုပ်ရေးရုံးတွေအနီးမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦး သေဆုံးခဲ့ရသလို လူ ၁၂ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ည ဗုံးကြဲခံရတဲ့နေရာ နမ့်ဘိုင်းကျေးရွာရှိ ကျောက်မီးသွေးတွင်းမှာလည်း စက်တင်ဘာ ၉ ရက် သန်းခေါင်ယံအချိန်မှာ ဗုံးကြဲခဲ့ပြီး အခု နမ့်ဘိုင်ကျေးရွာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်တာ ဖြစ်ပါတယ်။
စစ်ကောင်စီ လေတပ်ဟာ မနေ့က နမ့်ပေါင်ရွာကို ဗုံးကြဲခဲ့သလို တအာင်းတပ်မတော် TNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့မှာလည်း ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဗုံးတွေဟာ နောင်ချို ရဲစခန်းဝင်းနဲ့ လူနေရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အချိန် ၃ နီးပါးအတွင်း လေကြောင်းကနေ ဗုံးကြဲတာတွေ ပိုလုပ်ဆောင်လာတာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေ အမိန့်ပေး တာဝန်ပေးနေတဲ့ လေသူရဲတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ ၊ နိုင်ငံ့အနှံ့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာတွေဆီ ပေးပို့သွားမယ်လို့လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ AA ၊ MNDAA ၊ TNLA တို့က သတိပေးထုတ်ပြန်ထားတာ ရှိပါတယ်။

The Tanintharyi Times
