ကျောက်မဲမြို့မှာ လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကျောက်မဲမြို့မှာ လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း က တအာင်းတပ်မတော် TNLA စစ်ဒေသ (၂) နယ်မြေ ၊ ကျောက်မဲမြို့ နယ်၊ အမှတ်(၈) ရပ်ကွက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့ နယ်၊ အမှတ်(၈) ရပ်ကွက်ကို မ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကဆိုပါတယ်။

မနေ့ညနေ ၆နာရီခွဲအချိန်မှာလည်း သီပေါမြို့၊ စံဖိတ်ကွက်သစ်အတွင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

တအာင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် တအာင်းတပ်မတော်နဲ့ စစ်ကောင်စီတို့အကြား ဇွန် ၂၅ ရက်နေ့ကနေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲကာလ ၆ ရက်အတွင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့ရသလို ၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အရပ်သားနေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ ထိခိုက်မှုဖြစ်စဉ်တွေဟာ စစ်ကောင်စီက အင်အားပြင်းလက်နက်ဖြစ်တဲ့ ပေါင် ၅၀၀ ဗုံး အသုံးပြုနေတာ အပါအဝင် လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေ ပစ်ခ်နေတာကြောင့် ဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တအာင်းတပ်မတော်ဟာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ နေရာတွေမှာ တိုက်ပွဲဖော်ဆောင်နေတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့နယ်မှာတော့ TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513) ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး တပတ်အတွင်း စစ်ကောင်စီလက်နက် ၄၃ လက် သိမ်းဆည်းရမိပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

နောင်ချိုမြို့မှာတော့ စစ်ကောင်စီလက်ကျန်တပ်စခန်းတွေ ဖြစ်တဲ့ စကခ (၁)၊ ခမရ (၁၁၄) (၁၁၅) နဲ့ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွေကို TNLA ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ၊ MDY-PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် စစ်ဒေသ ၃ ဖြစ်တဲ့ မိုးမိတ်မြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ ကင်းချောင်စခန်းကို သိမ်းပိုက်ရရှိထားပါတယ်။

စစ်ဆင်ရေးကာလ တပတ်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၃၀ ကျော်ကို TNLA က သိမ်းပိုက်ထားသလို စစ်ကောင်စီ ဗိုလ်မှူး ၁ ဦး အပါအဝင် ဗိုလ်ကြီး ၄ ဦး၊ ရဲအုပ် ၁ ဦး၊ တပ်ကြပ်ကြီး ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦး၊ တပ်သား ၁၉ ဦး စုစုပေါင်း ၅၃ ဦးကို ဖမ်းဆီးရမိထားပါတယ်။

ဇွန် ၂၆ ရက်နေ့ကလည်း TNLA မှာ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ရှိခဲ့ပြီး ယင်း ၁၇ ဦးဆီက လက်နက်ခဲယမ်း ၆၀ လောက် ရရှိထားပါတယ်။

မိုးကုတ်ရဲစခန်းနဲ့ နောင်ချိုရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိထားပြီး နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး အမြောက်အများကို သိမ်းဆည်းရမိခဲ့သလို လက်နက်ခဲယမ်း ၃၅၀ ကျော်ကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲအတွင်းမှာတော့ ရှမ်းမြောက်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

The Tanintharyi Times