တနင်္သာရီ၊ ခြောက်မိုင်ရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးကားတွေပိတ်မိနေ

တနင်္သာရီ၊ ခြောက်မိုင်ရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးကားတွေပိတ်မိနေ

ပုံစာ - တနင်္သာရီလမ်းပိုင်းတစ်နေရာမှာ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကားလမ်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မနေ့က မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေပိုင်း အထိ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ညောင်ပင်ကွင်း အခြေစိုက်တပ်ရင်း ခမရ (၅၆၁) ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြောက်မိုင်ရွာနဲ့ ထုံတော်ရွာအစပ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခဲ့တာကနေ စပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မနေ့က ည ၇ နာရီဝန်းကျင်အထိ နှစ်ဖက်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ခြောက်မိုင်ရွာနေ ဒေသခံတွေဆီကသိရပါတယ်။

“ မနေ့ညက ကျနော်တို့အရေးပေါ်စစ်ရှောင်ရတဲ့အချိန်ထိ တိုက်ပွဲဖြစ်တဲ့နေရာကနေ ညောင်ပင်ကွင်းဘက်ကို ကားတွေနဲ့ ဒဏ်ရာရစစ်သားတွေကိုသယ်နေတယ်ဗျ” လို့ ခြောက်မိုင်ရွာခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဲဒီနောက် ခြောက်မိုင်ရွာထဲကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ခြောက်မိုင်ရွာလမ်းဆုံ စာသင်ကျောင်းအနီးမှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

ခြောက်မိုင်ရွာမှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကတော့ ကျေးရွာအတွင်းက လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အဲ့ဒီစစ်ကြောင်းက လမ်းကြောင်းရှင်းပေးတဲ့စစ်ကြောင်းဗျ။ သိန္ဓောစခန်းဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာလို့ ယူဆရတယ်” လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ခြောက်မိုင်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အပြင် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၆)၊ ခမရ (၅၅၇)၊ ခမရ (၅၆၁)၊ အမတ (၃၀၆)နဲ့ တနင်္သာရီတံတားကြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကလည်း လက်နက်ကြီးတွေ တနေကုန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ခြောက်မိုင်၊ ငါးမိုင်၊ ကျွဲထိန်းကုန်း၊ ဘဲကွင်း၊ ဘန်လော၊ ဆင်ခေါင်း၊ သကျက်နဲ့ တောင်ပိန်းကျေးရွာတွေက ဒေသခံတွေ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်အပြင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာလည်း မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

မနေ့မနက်အစောပိုင်းက ရေဖြူမြို့နယ် ဇာဒီရွာနဲ့ ပယရွာကြားမှာရှိတဲ့ ရှားကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

အခုလ ၂၆ ရက်နေ့ မနက်ကတည်းကနေ ညနေအထိ နှစ်ဖက်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီရေတပ်သင်္ဘောကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့လည်း ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းကနေ ဇာဒီ၊ ပယရွာအနီးတဝိုက်ကို စစ်ကြောင်းထိုးပြီး စစ်ဆေးရေးဂိတ်အနေနဲ့အထိုင်ချထားတာပါ။

The Tanintharyi Times