ဆယ်ရက်ကျော်ကြာဖြစ်ပွားနေတဲ့ ထမင်မစားရွာတိုက်ပွဲကြောင့် ကျေးရွာသုံးခုက ဒေသခံတွေပိတ်မိနေ
ဆယ်ရက်ကျော်ကြာဖြစ်ပွားနေတဲ့ ထမင်မစားရွာတိုက်ပွဲကြောင့် ကျေးရွာသုံးခုက ဒေသခံတွေပိတ်မိနေ
မြိတ် - ထားဝယ်ကားလမ်းမပေါ် မှာရှိတဲ့ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ ဆယ်ရက်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာသုံးခုက ဒေသခံတွေ ပိတ်မိနေတယ်လို့ တနင်္သာရီတိုင်းမ် က စုံစမ်းသိရှိရပါတယ်။
ထမင်းမစားကျေးရွာမှာ စစ်ကောင်စီတပ်တွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား ၁၁ ရက်အကြာတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လိပ်သောင်၊ လယ်ဖက်၊ ထမင်းမစား စတဲ့ ကျေးရွာ သုံးခုက ဒေသခံတွေ တိုက်ပွဲကြားပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“စစ်တပ်နဲ့ PDF ပစ်နေကြတယ်။ ပြည်သူတွေက ကြားမှာဖြစ်နေတော့ ထွက်လို့မရဘူး အကုန်ပိတ်မိနေတာ။ ဂိတ်ရှိနေတော့ပိုဆိုးတယ်။” လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လိပ်သောင်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၅၃၀ ကျော်ရှိပြီး လယ်ဖက် ကျေးရွာ ဟာလည်း လိပ်သောင်ကျေးရွာအုပ်စုမှာ ပါဝင်ပါတယ်။ ထမင်းမစားကျေးရွာအုပ်စုမှာတော့ အိမ်ထောင်စု ၃၉၀ စုရှိပါတယ်။
ပိတ်မိနေတဲ့ရွာတွေဟာ ကုန်းလမ်းကိုအသုံးပြုမရတော့လို့ ရေလမ်းကြောင်းကိုသာအဓိကအသုံးပြုနေရတဲ့ကျေးရွာတွေဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေက ဒေသခံတွေဟာ မြိတ်မြို့ဘက်ကိုရေလမ်းကသွားမယ်ဆိုရင် ကျောက္ကာရွာမှာကျောက်ချတပ်စွဲထားတဲ့စစ်သင်္ဘောဆီမှာ စစ်ဆေးလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအနီးမှာနေထိုင်သူ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အဆက်အသွယ်ရှိတယ်လို့ စစ်ကောင်စီက စွပ်စွဲလေ့ရှိတယ်လို့ဒေသခံတွေက ရှင်းပြပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ ကျေးရွာပြင်ပ ကို မသွားရဲဘဲ ရွာထဲမှာ ပိတ်မိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပင်လယ်နဲ့နီးတဲ့ရွာတွေဖြစ်တဲ့အတွက် ရေထွက်ပစ္စည်းတွေနဲ့သက်မွေးဝမ်း ကြောင်းပြုနေရပြီး ဒီထက်တိုက်ပွဲရက်ရှည်လာရင် ဆန်နဲ့ကုန်ခြောက်တွေပြတ်လပ် လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထမင်းမစားရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ က အခုလ ၂ ရက်နေ့ ကတည်းစတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အဲဒီစစ်ဆေးရေးဂိတ်အနီး ဝန်းကျင်ကို အခုလ ၉ ရက် ၁၁ ရက် နဲ့ ၁၂ ရက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီ တပ်တွေဟာ Mi2ရဟတ်ယာဉ်၊ K8W တိုက်လေယာဉ်တွေ နဲ့ ထမင်းမစားရွာ စစ်ဆေးရေး ဂိတ်အနီးဝန်းကျင်ကို အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ပြောရေးဆိုခွင့်ရှိသူနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဆီ ကသိရပါတယ်။
စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးအနည်းငယ်ရှိပြီး အရပ်သားထိခိုက်ပျက်စီးမှုမရှိသေးဘူးလို့ ကနဦးအတည်ပြုချက်တွေအရ သိရပါတယ်။
အခုတပတ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာက အရပ်သားငါးဦးသေဆုံခဲ့ပြီး ခြောက်ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။ ဂုံညှင်းဆိပ်ရွာမှာလည်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
The Tanintharyi Times
