အငွေ့ပျံသွားတဲ့ ကျပ်ငွေအောက်က နင်းပြားပြည်သူများ

အငွေ့ပျံသွားတဲ့ ကျပ်ငွေအောက်က နင်းပြားပြည်သူများ

ငွေကြေးတန်ဖိုး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုဆိုတာ ရွှေပြည်ကြီးမှာတော့ စစ်ဖိနပ်အောက် နေခဲ့ရတဲ့ ကာလတလျှောက်လုံး ပြည်သူတွေ လည်စဉ်းခံနေရတဲ့ ကိစ္စတစ်ခုပါပဲ။ နင်းပြားပြည်သူတွေ အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင် ဖြစ်ခဲ့ရတဲ့ သမိုင်းတလျှောက် အခုအချိန်ရဲ့ စံချိန်တင် ငွေကြေးတန်ဖိုးကျဆင်းမှုဟာ အဆိုးတကာ့အဆိုးဆုံး ဖြစ်နေမလား မသိပါ။

ဈေးကနေ ပြန်လာတဲ့ အမေ့ရဲ့ မသက်မသာ ငြီးငြူသံတွေကြားမှာ သက်ပြင်းကို ခပ်နက်နက် ရှိုက်လိုက်မိတယ်။

“ဈေးတွေက တက်လိုက်တာ၊ ဘာဝယ်ရမှန်းလည်း မသိဘူး၊ ဘာမှလည်း မဝယ်နိုင်ဘူး” ဆိုတဲ့ ညဉ်းချင်းကို နားထောင်ရင်း ကျွန်မငယ်ငယ်တုန်းက အမေ့ဆီက ကြားခဲ့ရတဲ့ ပုံပြင်တစ်ပုဒ်ကို ပြန်သတိရ သွားမိတယ်။

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ တိုင်းသူပြည်သားတွေဈေးဝယ်ရင် ပိုက်ဆံကို ဈေးဆွဲခြင်းအပြည့် ထည့်သွားမှ ဟင်းရွက်တစ်ခြင်း ပြန်ရသတဲ့။ မျက်လုံးထဲမှာ သရုပ်ပေါ်အောင်တော့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ပြောတာပေါ့လေ။ အဲဒီတိုင်းပြည်က ဘယ်နားမှာရှိလဲလို့ မေးရင် အမေလည်း မသိဘူးတဲ့။

“ပိုက်ဆံတစ်ခြင်း ဟင်းရွက်တစ်ခြင်း လဲရတဲ့တိုင်းပြည်ဟာ ဘယ်မှာရှိနေမလဲလို့ ကလေးဘဝတလျှောက်လုံး တွေးလိုက်ရတာ။ အခုတော့ သမီးတို့နိုင်ငံ ဖြစ်နေပါရောလား” လို့ အမေ့ကို လှမ်းပြောတော့ စိတ်ညစ်ရတဲ့ကြားထဲကသားအမိနှစ်ယောက် မချိပြုံး ပြုံးမိသွားကြတယ်။

စစ်အာဏာရှင်တွေဟာ ကြောက်စရာကောင်းလှပါလားအမေ။ အတောမသတ်နိုင်တဲ့ အလိုလောဘကြောင့် ပြည်သူတို့ရဲ့ဘဝတွေ၊ အသက်တွေကို ချနင်းသတ်ဖြတ်ဖို့ ဝန်မလေးကြပါလား။ မတရားရယူထားတဲ့ အာဏာနဲ့စည်းစိမ်ဥစ္စာတွေကို လက်လွှတ်ရမှာ စိုးလို့ လူစင်စစ်ကနေ သွေးဆာနေတဲ့ မိစ္ဆာဘဝကို အရှင်လတ်လတ် ကူးပြောင်းသွားရတာပါလား။

အုပ်စိုးသူ အာဏာရှိသူတို့ရဲ့ ဖိနှိပ်နင်းချေတာကို အမြဲတမ်း ခံနေရတဲ့ တောသူတောင်သား မိသားစုမှာ မွေးဖွားလာသူ ကျွန်မအတွက် တန်ဖိုးမဲ့သွားတဲ့ ပိုက်ဆံတွေ၊ စက္ကူဖြစ်သွားရတဲ့ ပိုက်ဆံတွေကို ကလေးဘဝကတည်းက မြင်ဖူးခဲ့ရတာပါ။ ကျွန်မ မှတ်မိစအရွယ်မှာ တိုလီမုတ်စပစ္စည်းတွေထားတဲ့ အိမ်နောက်ဖေးဘက်က အထုပ်နှစ်ထုပ်ကို အဖွားက ဖြည်ပြလေ့ရှိတယ်။ အဲဒီအထုပ်တွေက သူ့ဘဝရဲ့ အကြီးမားဆုံးစိတ်ဒဏ်ရာတွေ သိုဝှက်ထားရာပဲ။

အာဏာရှင် လက်အောက်မှာ ‘ကိုယ်လုပ်မှ ကိုယ်စားရတယ်’ ဆိုတဲ့ စကားပုံဟာ မမှန်ကန်ကြောင်း၊ ကိုယ်လုပ်ပေမယ့် ကိုယ်မစားရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိနေကြောင်း သူ့အထုပ်တွေက သက်သေပြနေတယ်။

အာဏာရှင်တို့ရဲ့ ပရမ်းပတာ အုပ်ချုပ်မှုအောက်မှာ ကိုယ့်စုဆောင်းထားတဲ့ ချွေးနည်းစာတွေဟာ အချိန်မရွေး သဲထဲရေသွန် အဟောသိကံ ဖြစ်သွားရပါလားဆိုတာ အဲဒီအထုပ်နှစ်ထုပ်ကပြောပြနေတယ်။

ဘဝရှေ့ရေး စိတ်အေးဖို့အတွက်ဆိုပြီး ငတ်ပြတ်လုမတတ် စုဆောင်းထားခဲ့တဲ့ ကျွန်မတို့ မိသားစုရဲ့ ချွေးနည်းစာတွေလေ။ ဘီစကစ်မုန့်ပုံးအသေးစားအရွယ်ရှိတဲ့ ဂျပန်ငွေစက္ကူတစ်ထုပ်နဲ့ အစိတ်တန်ငွေစက္ကူတစ်ထုပ်။ အခုတော့ ငွေဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး စက္ကူတွေလို့ ပြောမှ မှန်ပါလိမ့်မယ်။

နှမျောတသ ဖြစ်ရခြင်းနဲ့ ယူကျုံးမရ ဖြစ်ရခြင်းတွေရောယှက်ထားတဲ့ အဖွားမျက်ဝန်းတွေကို ပြန်မြင်ယောင်မိတိုင်း အာဏာရှင်တို့ရဲ့ ဆိုးသွမ်းရက်စက်မှုဟာ အဆုံးအစမဲ့ပါလားလို့ အခါခါတွေးမိစမြဲ။ အခုလည်း အမေက အရင်အစိတ်တန်လို အဖြစ်မျိုးများ ပြန်ကြုံရဦးမလားလို့ နေ့စဉ်လိုလို စိုးရိမ်တကြီးနဲ့ ကျွန်မတို့ကို မေးနေပြန်ပါပြီ။

အာဏာရူးတွေကို အမြစ်မဖြတ်နိုင်သရွေ့တော့ ဘယ်လိုဆိုးရွားမှုတွေ ဆက်ကြုံရဦးမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူးအမေ။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ စနစ်ဆိုးကြီးထဲက ပြည်သူတွေစုပေါင်း ရုန်းထွက်ကြတဲ့ အင်အားအပြင်းဆုံး တော်လှန်ရေးကြီးပါ။ တော်လှန်ရေးအပေါ်မှာယုံကြည်ချက်ထားရမှာပေါ့အမေ။ ကိုယ်တိုင်လည်း သဲတစ်ပွင့် နှမ်းတစ်စေ့စာဖြစ်ဖြစ် ပါဝင်ကြရမှာပေါ့။

သူ့လက်ထဲက တစ်ထောင်တန်နဲ့တစ်သောင်းတန် ငွေစက္ကူတွေကို ကိုင်ရင်း မှိုင်နေတဲ့အမေဟာ မျှော်လင့်ချက်ထားသေးဟန်နဲ့ မျက်ဝန်းတွေဖျတ်ကနဲ တောက်ပသွားသလိုလို။ ဒါကလည်း တခဏတာပါ။ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ လက်ရှိအခြေအနေမှာ မငတ်ပြတ်အောင် ဘယ်လိုထိန်းသိမ်းသုံးစွဲကြမလဲဆိုတဲ့ အတွေးတွေက ကျွန်မတို့ကိုဖိစီးနှိပ်စက်နေတာ အချိန်တိုင်း လိုလိုပါပဲ။

နိုင်ငံတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ကျွန်မတို့အတွက် ထိုင်းနိုင်ငံက ဝင်လာတဲ့ ကုန်ပစ္စည်း၊ စားသောက်ကုန်တွေကိုပဲ အဓိကဝယ်ယူသုံးစွဲနေကြတာ နေသားကျနေပါပြီ။ အခြေခံစားသောက်ကုန်၊ အသုံးအဆောင်တွေအပြင် လောင်စာဆီ၊ ဆေးဝါးတွေဆိုတာလည်း ပြည်ပက မှာယူတင်သွင်းနေရတဲ့ ကုန်တွေမဟုတ်လား။

စစ်အာဏာမသိမ်းမီ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထိုင်းဘတ်ငွေတစ်ဘတ်ကို မြန်မာငွေကျပ် ၄၀ ကျော်ပဲ ရှိခဲ့တာပါ။ အခုက ထိုင်းဘတ်တစ်ဘတ်ကို ကျပ် ၂၀၀ ဝန်းကျင်ဆိုတော့ မြန်မာငွေနဲ့ ထိုင်းငွေ ကွာဟချက်က အဆ ၂၀၀ နီးပါးရှိသွားပါပြီ။ နောက်ထပ် ကျပ်ငွေဈေးဘယ်လိုအပြောင်းအလဲရှိဦးမလဲဆိုတာ ဘယ်သူမှ တရားသေ မပြောနိုင်တဲ့ အခြေအနေ။

ကိုယ့်ဒေသထွက်ကုန်ဖြစ်တဲ့ ကွမ်းသီး၊ ရာဘာ စတာတွေကိုအမှီပြုရတဲ့ ကျွန်မတို့လိုတောင်သူ မိသားစုတွေဟာ ကိုယ်ခြံထွက်ပစ္စည်းတွေက ဈေးလိုက်တက်မလာဘဲ အစားအသောက် ကုန်ဈေးနှုန်းကပဲ မိုးပေါ်ထိုးတက်နေတော့ ဝင်ငွေကအသုံးစရိတ်တွေကို မကာမိတော့။

ဒီဇယ်ဆီ ပြတ်လတ်တာ၊ ဈေးအဆမတန်တက်တာကြောင့် ခြံရှင်းခြံခုတ်တာ လုပ်ဖို့တောင်မှ အနိုင်နိုင်။ ခြံလုပ်ငန်းတိုးတက်အောင်လုပ်ဖို့အတွက် စဉ်းတောင်မစဉ်းစားရဲတဲ့အဖြစ်။

စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှာ အလုပ်လုပ်ထွက်လုပ်ကြရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ အများဆုံးကတော့ ထိုင်းပေါ့။ တချို့မိသားစုတွေကသန်သန်မာမာ လူလတ်၊ လူငယ်တွေ။ တချို့ကတော့ မိသားစုအလိုက် ကလေးခါးထစ်ခွင်ချီပိုး ထွက်သွားတာလည်းရှိ။ ကျောင်းနေအရွယ်ကလေးလည်း မကျန်။

အသက်ဆက်ဖို့အတွက် ကယ်ပေါက်ဟာ ထိုင်းနိုင်ငံမှာပဲ ရှိတယ်ထင်ပါရဲ့။ ကိုယ့်ပတ်ဝန်းကျင်က အလျှိုလျှိုထွက်သွားကြသူတွေကို တွေ့ရတိုင်း ဆရာ ‘ဆန်းကျော်စွာဝင်း’ ရဲ့ ကဗျာလေးတစ်ပိုဒ်ကိုပဲ ရင်နာနာနဲ့ သတိရနေမိတယ်။

“ပြန်မလာနဲ့ငါ့ကောင်…ဒီဖုန်းဆိုးမြေဟာ ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်…ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ်…ဒီနိုင်ငံဟာ ဘုရားမမြင်အောင် မာရ်နတ်ဖွတ်ထားတဲ့ အရပ်ပါကွာ…”။

စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတော့ ပညာရေးတို့ ကျန်းမာရေးတို့ဆိုတာ ထည့်စဉ်းစားရမယ့် အရေးကြီးခေါင်းစဉ် မဟုတ်တော့တာ ကြာနေပါပြီ။ ဒီရက်ပိုင်း အွန်လိုင်းမှာ တွေ့လိုက်ရတဲ့ တစ်ကွက်ကာတွန်းလေးက လက်ရှိအခြေအနေမှန်ကို လှစ်ဟပြနေတယ်။

ဆေးခန်းကိုလာတဲ့ နွမ်းနွမ်းပါးပါး အမျိုးသမီးတစ်ယောက်က ဆရာဝန်ကို ပြောလိုက်တယ်။ “ဘာရောဂါတွေပဲတွေ့တွေ့…ဆေးနှစ်ထောင်ဖိုးပဲ ထိုးပေးပါနော် ဆရာ…” တဲ့။

ကျပ်တစ်သောင်းတန် ငွေစက္ကူကို အလွန်အကျွံ ရိုက်နှိပ်ထုတ်ဝေနေတယ်ဆိုတဲ့ သတင်းတွေနဲ့အပြိုင် ဆီတန်းစီနေတဲ့ လူအုပ်ကြီးတွေ၊ ဆန်ကွဲဝယ်စားနေရပါတယ်ဆိုတဲ့ သတင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုတွေ့လာရပါတယ်။

တစ်သောင်းတန်တွေ ရိုက်ထုတ်၊ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်တွေ ထုတ်ဝေနဲ့။ တန်ဖိုးမဲ့စက္ကူသာသာဖြစ်သွားရတဲ့ မြန်မာ့ငွေကြေးနောက်ကွယ်က ဆင်းရဲဒုက္ခတစ်သီတစ်တန်းကြီးကို ထွေးပွေ့ထားရတဲ့ ကျောမွဲပြည်သူတွေခမျာ အသက်ဝဝ ဘယ်လိုရှူနိုင်ပါ့မလဲ။

ဒါကို စစ်အုပ်စုရဲ့ ‘စီးပွားရေး စီမံခန့်ခွဲမှု အမှားအယွင်း’ လို့ ဝေဖန်သုံးသပ်သူတချို့က ဆိုကြပါတယ်။ ဒီလိုကမောက်ကမ ဖြစ်နေတာက မှားယွင်းတဲ့ စီမံခန့်ခွဲမှုအကြောင်းတစ်ခုတည်း မဟုတ်ဘူးလို့ ဩစတေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ “ဒေါက်တာရှောင်တာနဲလ်” က ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ သုံးသပ်ပြပါတယ်။

“သူတို့အဓိက လုပ်နေတာက စစ်စီးပွားရေးကို ဖန်တီးနေတာ။ ဒါကြောင့် တုန်လှုပ်စရာကောင်းတဲ့ စီးပွားရေးရလဒ်ကို ဖြစ်စေတဲ့ စီမံခန့်ခွဲမှုက ရင်းမြစ်တွေကို စစ်နိုင်ငံအဖြစ် ပြောင်းလဲဖို့ တမင်သက်သက် လုပ်တာလို့ မြင်နိုင်ပါတယ်” လို့ ဒေါက်တာရှောင်က ဆိုပါတယ်။

စစ်အာဏာရှင်တွေ ခြေကုပ်လို့ရနေသမျှ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတဲ့ ကျွန်မတို့ ပြည်သူတွေဘဝကတော့ ဆင်းရဲသထက်ဆင်းရဲ၊ ဒုက္ခရောက်သထက် ရောက်နေဦးမှာပါပဲ။ ဒီစနစ်ဆိုးကို ဖြိုလှဲပစ်မှပဲ ဒီဆင်းရဲဒုက္ခတွင်းကလွတ်မြောက်ခွင့် ရကြမှာပါ။

နိုင်ငံမြောက်ပိုင်းဒေသကတော့ မြို့သိမ်းတိုက်ပွဲတွေနဲ့ အောင်ပန်းဆင်နေကြပါပြီ။ ကျွန်မတို့ နိုင်ငံတောင်ပိုင်းကပြည်သူတွေလည်း ဒီစစ်နွံတွင်းက လွတ်မြောက်ဖို့အတွက် တော်လှန်ရေးလုပ်ငန်းမှာ ပြိုင်တူအားစိုက်ပြီး စနစ်ဆိုးကြီးကို အပြီးတိုင် ဖြိုလှဲကြရအောင်ပါ။ ။

ငြိမ်းပန်

The Tanintharyi Times