“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

နိုင်ငံတဝှမ်းမှာ စက်တင်ဘာ ၇ရက်ကနေ ၁၃ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၀ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ စစ်ကိုင်းတိုင်းထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခုနစ်ခုကို NUG အရေးယူ

စစ်ကိုင်းတိုင်းရှိ မြို့နယ်ခုနှစ်ခုက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေကို အရေးယူဆောင်ရွက်ထားတယ်လို့ NUG ရဲ့ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က RFA ကို ပြောပါတယ်။ NUG ရဲ့ ဝန်ကြီးဌာနသုံးခုက ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလ ၁၁ ရက်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ မြို့နယ်တစ်ခုက ပအဖ တစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားပြီး စစ်ဆေးမှုတွေလုပ်နေသလို မြို့နယ် ခြောက်မြို့နယ်က ပအဖ အဖွဲ့ဝင်အချို့ကို အစားထိုး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။ တိုင်ကြားမှုရှိတာကြောင့် စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေချိန်မို့ မြို့နယ်တွေရဲ့အမည်တွေကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ပအဖ၊ ပလဖနဲ့ ပကဖ အဖွဲ့တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ ကျော်ရှိပြီး အဲဒီအမှုတွေထဲက ၁၁ မှုကို အရေးယူထားသလို အမှု ၇၀ နီးပါးကို စစ်ဆေးနေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

၂။ ဘာသာရေးခေါင်းဆောင်သုံးဦးကို လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီခန့်

ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် သုံးဦးကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် စစ်ကောင်စီက အခုလ ၇ ရက်က ခန့်အပ်လိုက်ပါတယ်။ ခန့်အပ်ခံရသူတွေက စိန်မေရီ ကတ်သလစ်ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် ချင်းတိုင်းရင်းသား ဦးဝင်းလှိုင်ဦး(ခ)ကုန်ဇမှုန်း၊ ပိန္နဲကုန်းဂျမေဗလီ ဂေါပကအဖွဲ့ဝင် ဦးသန်းဝင်း နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ကိုကိုတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စစ်ကောင်စီက ပြောင်းလဲခန့်
အပ်ခဲ့ပါတယ်။ ကော်မရှင်ကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

၃။ နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍလေးခု ပူးပေါင်းဖို့ NUG နဲ့ ABSDF သဘောတူ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာရေးစတဲ့ ကဏ္ဍလေးခုမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ နားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့တယ်လို့ အခုလ ၁၂ ရက်က ထုတ်ပြန်ပါတယ်။ ပိုမိုပူးပေါင်းဆောင်ရွက်မှုကို စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေး ပြီးမြောက်တဲ့အထိ လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ NUG နဲ့ ABSDF တို့ဟာ အမှတ် (၁) စစ်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိနေပါတယ်။

၄။ စစ်ကောင်စီရဲတပ်ဖွဲ့အတွက် ယွမ်ငါးသန်း တရုတ်ထောက်ပံ့မယ်

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့အတွက် တရုတ်ယွမ် ငါးသန်းတန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ အခုလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယွမ် ငါးသန်းထောက်ပံ့မဲ့ကိစ္စအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ဖွင့်လှစ်ဖို့ကိုလည်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။ နှစ်နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

၅။ ကချင်က ဆိုင်းတောင်ရဲစခန်းကို KIAနဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာ ရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ မနေ့က သိမ်းလိုက်ပြီလို့ သိရပါတယ်။ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အခုလ ၇ ရက်က အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့တဲ့ ဆိုင်းတောင်က လပ်ကီးမန်းဟိုတယ် အဆောက်အဦအပါအဝင် အတောက်အအုံတချို့ မီးလောင်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဆိုင်းတောင်ရွာထဲက ဒေသခံအများစုလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။



၆။ ကြာအင်းဆိပ်ကြီးက စစ်ကောင်စီစခန်းတစ်ခုကို KNLA မဟာမိတ်အဖွဲ့တွေ သိမ်းယူ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်အဖွဲ့တွေ မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စခန်းကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လုပ်နေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက RFAကို ပြောထားပါတယ်။ အဲ့ဒီစခန်းက ဘုရားသုံးဆူနဲ့ သံဖြူဇရပ်လမ်းကို ထိန်းထားတဲ့စခန်းတစ်ခုဖြစ်ပြီး KNLA နဲ့ မဟာမိတ်အဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတာ တစ်လခွဲလောက်ရှိပြီလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေ ပျက်စီးပြီး လွှတ်ရှမ်းရွာဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ရှိခဲ့ပါတယ်။

၇။ နောင်ချိုမှာ တအာင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် (၃၅၄) တပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ တအာင်းတပ်(TNLA)က အခုလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်ကနေ နောင်ချိုမြို့နယ်ထဲကို စစ်အင်အားဖြည့်ဖို့ တပ်ကူလာတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကတော့ နောင်ချိုမြို့နယ်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။

၈။ AA အကျဉ်းစခန်း တိုက်ခိုက်ခံရ၊ အကျဉ်းသားနဲ့ စစ်သုံ့ပန်းအများအပြားသေဆုံး

ရခိုင်ပြည် မောင်တောမြို့၊ လေးမိုင် နခခ-၂ စခန်းကို အခုလ ၉ ရက် ညပိုင်းမှာ စစ်ကောင်စီလေတပ်က နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သား အကျဉ်းသား ငါးဆယ်ကျော် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ မောင်တောမြို့သိမ်းတိုက်ပွဲကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ ARSA၊ RSO က တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီသင်တန်းဆင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ၊ သတင်းပေးတွေ၊ တော်လှန်ရေးကို ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူတွေအပြင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ဆက်စပ်သူတွေပါဝင်တယ်လို့ AA က ကြေညာချက်မှာ ဖော်ပြပါတယ်။



၉။ နိုင်ငံတဝန်း ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံးသူ ရာကျော်ရှိလာ

မုန်တိုင်းနောက်ဆက်တွဲ မိုးကြီးပြီး ရေလျှံတာတွေနဲ့ မြေပြိုမှုတွေကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ရာကျော်အထိရှိလာတာကို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ တွေ့ရပါတယ်။ ရှမ်းပြည်နယ်၊ ကလောမြို့မှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီးနောက် သေဆုံးသူ တစ်ရာခန့် ရှိလာပြီလို့ ဒေသခံနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေပြောတာကို ကိုးကားပြီး RFA က ရေးသားထားပါတယ်။အခုလ ၁၂ ရက်၊ မနေ့ကအထိ သေဆုံးသူ ခြောက်ဆယ်ကျော်နဲ့ ပျောက်ဆုံးသူ တစ်ရာနီးပါးရှိရာမှာ ရုပ်အလောင်းတွေ ထပ်တွေ့နေတာကြောင့် သေဆုံးသူထပ်တိုးလာတာရှိတယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာကလည်း သေဆုံးသူ ၁၀ ဦးရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ တောင်ကျချောင်းရေကြောင့် လူ ၃ ဦးရေစီးနဲ့အတူ မျောပါသေဆုံးခဲ့သလို နေပြည်တော်၊ တပ်ကုန်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း မိုးကြီးပြီး မြေပြိုလို့ သေဆုံးတာတွေ ရှိပါတယ်။ ပျောက်ဆုံးသေဆုံးတယ်လို့ ယူဆနိုင်တဲ့သူတွေ ဒီထက်ပိုများနိုင်တယ်လို့လည်း သတင်းမီဒီယာတွေက ခန့်မှန်းထားပါတယ်။



၁၀။ ပုဂံက ရှေးဟောင်းဘုရားတချို့ပြိုကျ

မိုးများတဲ့ဒဏ်ကြောင့် ပုဂံက ရှေးဟောင်းဘုရားစေတီတချို့ ပြိုကျတာတွေ ရှိခဲ့ပါတယ်။ ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေ ရှေးဟောင်းသုတေသနဌာန အရာရှိတစ်ဦးက ‘‘ဆင်က ဂူဘုရား ပြိုကျ သွားတယ်၊ တစ်ခြမ်းလောက်နီးနီးရှိတယ်။ ငှက်ပစ်တောင်က သီဟိုဌ် ပုံဘုရား ကတော့ အောက်ခြေ ဖောင်းရစ် ပေါက်ထွက်သွားတယ်။ မြေစိုက်စေတီပုံ ဆိုတော့ ပန္နက်ခုံအပေါ်က ဖောင်းလိုင်း ပွင့်သွားတယ်။ ရေဝင်ပြီးတော့ ဒီလိုဖြစ်သွားလို့ တွေ့ရတယ်’’ လို့ ဘီဘီစီကို ပြောထားပါတယ်။ ပြိုကျခဲ့တဲ့ ဆင်ကအုတ်တိုက်ရှည် ဘုရားနဲ့ ငှက်ပစ်တောင်ပေါ်က စေတီတို့ဟာ ၁၃ ရာစုလက်ရာ ၁၂ ရာစုလက်ရာတွေဖြစ်တယ်လို့ သိရပါတယ်။

The Tanintharyi Times