ရွှေလီတံခါးမှသည်
ရွှေလီတံခါးမှသည်
လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရွှေလီကို ခရီးစဥ်တစ်ခုနဲ့အတူ သွားခဲ့ဖူးပါတယ်။ စီစဥ်ဖိတ်ခေါ်တဲ့သူတွေက မူဆယ်မြို့ခံ စီးပွါးရေးလုပ်ငန်းရှင်တွေပါ။ သူတို့ ကမကထပြုကာ စီစဉ်ပေးကြတာ ဖြစ်ပါတယ်။
ရန်ကုန်ကနေ လားရှိုးထိ လေယာဥ်နဲ့ တသွယ်၊ လားရှိုးကနေ မူဆယ်-ကြယ်ဂေါင်-ရွှေလီကို ကားနဲ့ တဖြတ် သွားရတယ်။ ရွှေလီမှာ တည်းခိုရတာက ပွဲရုံရဲ့ ဟောက်စ္စတယ်မှာ ဖြစ်ပါတယ်။
နေရထိုင်ရ စားရသောက်ရတာတွေ အားလုံး အဆင်ပြေပါတယ်။ ထမင်းစားရင် ဟင်းသုံးလေးမျိုး အလျှံပယ်၊ ဒေသထွက် တရုတ်အရက်၊ သစ်သီးဖျော်ရည် အလျှံပယ်။ ဒေသထွက် ဆန်အရက်ကိုတော့ သောက်ဖူးတာနဲ့ မတူတဲ့ အရသာကြောင့် မနှစ်ခြိုက်လို့ သိပ်မသောက်ဖြစ်ပါ။ အတော်လည်း ပြင်းပါတယ်။ ဒါကြောင့် သောက်ဖူးတယ်ဆိုရုံ စတိမျှပဲ သောက်ဖြစ်ပါတယ်။ တခြားတံဆိပ်ပဲ ပြောင်းသောက်ကြရတာပေါ့။
သွားရတဲ့ စာရေးသူတို့တစ်ဖွဲ့လုံးက လေ့လာသူမျှပါပဲ။ သူတို့ အခမ်းအနား ပြုလုပ်တဲ့ စိုက်ပျိုးအကြောင်းတွေ၊ ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာအကြောင်းတွေ ပါတဲ့ အစည်းအဝေးပွဲတွေကို မတက်လည်း ရတယ်။ ထွေထွေထူးထူး ဘာတာဝန်မျှ မရှိပါ။
မူဆယ်က သစ်သီးဝလံ ရောင်းဝယ်ရေး တာဝန်ခံတွေ၊ မြန်မာပြည်က လက်တွေ့ စိုက်ပျိုးထုတ်လုပ်နေကြသူတွေ၊ ရွှေလီက တာဝန်ခံတွေ၊ နောက် ထူးထူးခြားခြားပါတာက စိုက်ပျိုးရေးပညာရှင် ဂျာမန်တစ်ယောက် ဖြစ်တယ်။
ဒီမှာ ထူးထူးခြားခြား သိရတာ ရှိတယ်။ အဲဒီ ဂျာမန်စိုက်ပျိုးရေးပညာရှင်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် န၀တ စစ်အစိုးရ စတင်အုပ်ချုပ်စဉ်ကာလက မြန်မာနိုင်ငံကို လာဖူးတယ်။ စိုက်ပျိုးရေးနည်းပညာနဲ့ ပတ်သက်ပြီး ဒီတုန်းက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့။ ဒါပေမဲ့ အစီအစဥ် အထမမြောက်ခဲ့ပါ။
ဒီတုန်းက ရှစ်ဆယ့်ရှစ်အရေးတော်ပုံ ပြီးခါစ နဝတစစ်အစိုးရလက်ထက်။ မြန်မာနိုင်ငံနဲ့ အဆင်မပြေတဲ့ ဂျာမန်စိုက်ပျိုးရေးပညာရှင်ဟာ တရုတ်နိုင်ငံဘက်သို့ ရွှေ့သွားခဲ့တယ်လို့ ဆိုပါတယ်။
စာရေးသူတို့ ရောက်ခဲ့စဥ်တွင် ယခင်က သရက်သီး မထွက်တဲ့ ယူနန်ပြည်နယ်မှာ သရက်သီးထွက်နေတာ ၁၀ နှစ်ကျော်ပြီ။
ဂျာမန်တွေက မျိုးစေ့ကော၊ စိုက်ပျိုးနည်းပညာပါ အကုန် တင်သွင်းပေးခဲ့တယ်။ ယခုအချိန်မှာတော့ ထိုနည်းပညာတွေကို တရုတ်က ဆင့်ပွားသုံးပြီး မြန်မာပြည်မှာ ဖရဲသီး၊ သခွားသီး (သခွားမွှေး) တွေကို စိုက်ပျိုးနေကြတာဟာ ကာလအတန်ကြာပြီ။
မြန်မာပြည်က ထွက်သမျှ ဝယ်လက် ဖောက်သယ်ကြီးကတော့ ယူနန်တရုတ်တွေပဲ ဖြစ်တယ်။ မြန်မာပြည်က ကုန်သည်တွေကသာ ဖရဲသီးတွေ၊ သခွားသီးတွေကို မူဆယ်လမ်းကနေ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ တရုတ်ပြည်သို့ ပို့နေကြရတယ်။
တရုတ်ပြည်၊ ယူနန်၌တော့ သူတို့ စားသုံးကြရုံသာမက ယူနန်မှတစ်ဆင့် သန့်စင်ရွေးချယ်ပြီးသော ဖရဲသီး၊ သခွားသီးများကို ရုရှားနဲ့ အခြားဥရောပ တိုင်းပြည်များသို့လည်း ပို့တယ်လို့ သိရတယ်။
မြန်မာပြည်က ထွက်တဲ့ ဖရဲသီး၊ သခွားသီးတွေဟာ “မိတ်အင် မြန်မာ” မဟုတ်၊ “မိတ်အင် ယူနန်” ဖြစ်၏။
မိတ်အင်မြန်မာက စိန်တစ်လုံးသရက်သီးလောက်ပဲ ရှိတယ်။ ၂၀၁၈ ခုနှစ်က အရပ်သားအစိုးရနဲ့ ယူနန် တရုတ် စိုက်ပျိုးရေးကုန်သည်များဟာ မည်သို့သော သဘောတူညီမှုမျိုးတွေ ရှိထားသလဲ မသိပါ။ စာရေးသူတို့က လေ့လာသူ ဧည့်သည်မျှသာ၊ စူးစမ်းမေးမြန်းပိုင်ခွင့် ရှိသူများ မဟုတ်ကြပါ။
စာရေးသူတို့ အဖွဲ့ကတော့ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို ရောက်ခဲ့တာကြောင့် ဗဟုသုတ အလို့ငှာ စူးစမ်းကြရုံမျှပဲ ရှိပါတယ်။ ထိုစဥ်တုန်းက တစ်ခုသတိထားမိတာက ထိုပွဲရဲ့ နောက်ခံ ဘက်ဂဒေါင်း ပြုလုပ်ထားတဲ့ ဗီနိုင်းမှာပါတဲ့ ယူနန်ပြည်နယ်မြေပုံ ဖြစ်ပါတယ်။ အဲသမှာ အံ့သြစွာ တွေ့လိုက်ရတာက မြန်မာနိုင်ငံဟာ တရုတ်-မြန်မာ နယ်စပ်မျဥ်းပေါ်က နိုင်ငံတစ်နိုင်ငံ အဖြစ် မဟုတ်မူဘဲ ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်း နောက်ဖေးပေါက်တစ်ခုအဖြစ် ရေးဆွဲထားခြင်း ဖြစ်ပါတယ်။
အခြားသူတွေတော့ ဘယ်လို မြင်မိပြီး ဘယ်လိုနေကြသလဲတော့ မသိပါ။ စာရေးသူမှာတော့ဖြင့် စိတ်ထဲ တစ်မျိုးချည်း ခံစားလိုက်ရပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ကီလိုမီတာ တစ်ထောင်ငါးရာကျော် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေပဲ မဟုတ်ပါလား။
တစ်ရက်မှာ မန်စီမြို့ရှိ မြဘုရားကို ကားနဲ့ လိုက်ပို့လို့ သွားဖြစ်တယ်။ လမ်းတစ်လျှောက် တောတောင်များစွာ တွေ့ရသော်လည်း သစ်ပင်ကောင်းများကို မတွေ့ရ၊ ခြံစည်းရိုးပင် ထင်းပင်မျှလောက် အပင်တွေပဲ တွေ့ရတယ်။
နယ်စပ်မြို့ပင် ဖြစ်ပေမဲ့လည်း သွားရာလမ်းတစ်လျှောက် ကားလမ်းတွေကမူ ဖြောင့်ဖြူးကာ ကောင်းမွန်လှပါတယ်။ တောင်ကုန်းတွေကို ဖြတ်သန်းရရင် မြန်မာနိုင်ငံမှာလို တောင်ကို ပတ်ခွေသွားရတာမျိုး မရှိပါ။ တောင်များကို လိုဏ်ခေါင်းဖောက်လိုက်ကြတာချည်း။
အသွားအပြန် မျက်နှာချင်းဆိုင် တိုက်ခိုက်မှု မဖြစ်စေဖို့ လိုဏ်ခေါင်းကို တစ်ပေါက်ချင်းစီ ဖောက်လုပ်ထားတယ်။ လမ်းဖောက်တဲ့ တရုတ်အင်ဂျင်နီယာတွေ ထူးချွန်ကြတယ်။
မြဘုရားသို့ သွားရာ လမ်းတစ်လျှောက်မှာ အထူးသတိထားမိစရာတစ်ခု ရှိတယ်။ မီးရထားလမ်းဖောက်မယ့် ကွန်ကရစ်တိုင် ထီးထီးကြီးတွေကို မြင်ရခြင်း ဖြစ်ပါတယ်။ ထိုမီးရထားလမ်းဖောက်မယ့် ကွန်ကရစ်တိုင်တွေဟာ မြန်မာနိုင်ငံနဲ့ စပ်ဆိုင်ပါတယ်။
တရုတ်နဲ့မြန်မာ ပြုလုပ်နေတဲ့ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ တွဲလျက် တည်ဆောက်မယ့် မီးရထားလမ်းရဲ့ တရုတ်ပြည်ဘက်ခြမ်း အစိတ်အပိုင်း ဖြစ်
တယ်။ ထိုစဥ်က မြန်မာပြည်ဘက်ခြမ်းမှာ ဓာတ်ငွေ့ပိုက်လိုင်းပင် မတည်ဆောက်ရသေးပါ။
တရုတ်ပြည်ဘက်ခြမ်းမှာတော့ မီးရထားသံလမ်း အသင့် ကောက်တင်ရုံအဆင့်မျှပဲ ကျန်ရှိတော့တယ်။ ဤသည်ကား ၂၀၁၈ ခုနှစ်က အခြေအနေ ဖြစ်ပါတယ်။
ထိုစဥ်က အတွေးဟာ ယခုအခါ၌ မျက်ဝါးထင်ထင် တွေ့မြင်လာရပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်တွင် မြန်မာပြည်ဘက်ခြမ်း၌ ဂက်စ်ပိုက် လိုင်းရှိနေပြီ။ ထိုစီမံကိန်းဟာ နအဖလက်ထက်ကတည်းက တရုတ်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းများစွာထဲက ကြီးမားနဲ့ စီမံကိန်းတစ်ခု။ ဓာတ်ငွေ့ပိုင်းပေါ်က မီးရထားလမ်းပါ ပါတယ်။ ထိုမျှမက ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်မှာ တရုတ်စစ်တပ်က လုံခြုံရေးယူရန်အထိ ပါတယ်လို့ ကြားသိရဖူးတယ်။ မြန်မာပြည်ကို ခါးလယ်က ဖြတ်နင်းထားခြင်းပင်။
၂၀၁၅ခုနှစ်၊ NLD အစိုးရ လက်ထက်မှာ စာချုပ်ကို ပြောင်းလဲကာ လျှော့ချချုပ်ဆိုခဲ့တယ်လို့လည်း သိရတယ်။ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ တရုတ်နဲ့ မည်မျှထိ သဘောတူထားကြတယ် မသိပါ။ လုပ်ငန်းစီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေတာကိုလည်း သတင်းတွေမှာ တွေ့နေရတယ်။
မြင်းခြံမြို့အနီးက ဆီမီးခုံရွာတစ်ဝိုက် လွင်ပြင်ကို အလယ်ဗဟိုချက်အဖြစ် သတ်မှတ်ကာ စက်မှုဇုန် တည်ဆောက်မယ့် စီမံကိန်းပါ ပါရှိတာကိုလည်း သိရတယ်။
ဆိုရရင် တရုတ်ဟာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတဲ့ ကာလတစ်လျှောက်မှာ အလုပ်အကိုင် မပျက် ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရခြင်းပင် ဖြစ်တယ်။
မြန်မာနိုင်ငံတွင်းရှိ အထက်ပိုင်းတစ်ခွင်က တရုတ်ရဲ့ အရေးပါတဲ့ စီမံကိန်းတွေ၊ စက်ရုတွေဟာလည်း ဟန်မပျက် အကောင်အထည်ဖော် လုပ်ဆောင်နေကြတယ်။
တရုတ်ရဲ့ ယူနန်ပြည်နယ်ဟာ ကုန်းတွင်းပိတ် ဖြစ်တယ်။ မြန်မာနိုင်ငံဟာ ယူနန်ပြည်အတွက် အသက်တမျှ အရေးပါနေပါတယ်။ ယခုဆိုရင် တရုတ်ဟာ ရေလမ်းကို ကိုကိုးကျွန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကုန်လမ်းကို မြန်မာပြည်အလယ်ပိုင်း ခါးလယ်တစ်လျှောက်၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စသဖြင့်ကနေ စက်မှုဇုန်တွေ တည်ဆောက်ရေးထိ မြန်မာနိုင်ငံကို အဖက်ဖက်က ထိန်းချုပ်ထားနိုင်ရန် တည်ဆောက်ထားတဲ့အသွင် ဆောင်နေပြီ ဖြစ်တယ်။
တရုတ်အတွက် မြန်မာနိုင်ငံဟာ အင်မတန် မဟာဗျူဟာကျပြီး အရေးပါနေတယ်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးဟာ ကာယကံရှင် မြန်မာနိုင်ငံထက်ပင် တရုတ်အတွက် ပို၍ အရေးကြီးနေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာပြည် တည်ငြိမ်ရေး ညီမျှခြင်းရဲ့ ဟိုဘက်မှာတော့ ပြည်သူ့ အစိုးရနဲ့ ဒီမိုကရေစီ တိုင်းပြည်တော့ဖြင့် တစ်ထစ်ချ မဟုတ်နိုင်ပေ။ တရုတ်သြဇာခံ ထာ၀ရ ဖြစ်နေစေဖို့ မြန်မာပြည်ဟာ ညံ့ဖျင်းတဲ့အစိုးရနဲ့ ဟိုမရောက်ဒီမရောက် တိုင်းပြည်ဖြစ်နေမှသာ ဖြစ်ပေမည်။ စီမံခန့်ခွဲမှုညံ့ဖျင်းနေတဲ့ အစိုးရဖြစ်နေမှသာ တရုတ်ရဲ့ လက်ခုပ်ထဲက ရေကဲ့သို့ သွန်လိုသွန်၊ မှောက်လိုမှောက် ပြုနေနိုင်မှာ ဖြစ်တယ်။
ယခုအခါ မြန်မာနိုင်ငံသို့ လမ်းသလားလွန်းလာတဲ့ တရုတ်ရဲ့ အလှုပ်ဟာ မြန်မာပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်၊ သူ့အကျိုးစီးပွားအတွက် မဖြစ်မနေ လုပ်မှဖြစ်တော့မယ့် အခြေဆိုက်လာလို့သာ ရုပ်လုံးထွက်ပြခြင်း ဖြစ်တယ်လို့ ယူဆပါတယ်။
နွေဦးတော်လှန်ရေးအောင်ပွဲကို မြန်မာပြည်သူတွေက ဘ၀သစ်ပြန်စရမယ့် အပြောင်းအလဲ အဖြစ် တစ်ထစ်ချ ယုံကြည်ထားကြတယ်။ တရုတ်နိုင်ငံအတွက်ကတော့ မျက်ခုံးပင့်ကာ အံ့သြတုန်လှုပ်ရမယ့် အခြေအနေ ဖြစ်လာတယ်လို့လည်း ယူဆဟန် ရှိပါတယ်။
သို့အတွက်ကြောင့် တော်လှန်ရေး ဦးဆောင်သူတွေ (တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင်) ရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးပါလာပြီ ဖြစ်ပါတယ်။ အကိုင်အတွယ် မတတ်လို့ တစ်ချက်မှားရင် တစ်တိုင်းပြည်လုံး မှောက်သွားနိုင်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ သံခင်းတမန်ခင်း ဒီပလိုမေစီဟာ စကစအရွေ့နဲ့ တရုတ်အလှုပ်ကို ကြည့်ကာ မျှောလိုက်နေဖို့ မသင့်တော့ပါ။ ပြည်သူ့ခေတ်ပြောင်းစေဖို့ နွေဦးတော်လှန်ရေးရဲ့ ရပ်တည်ချက် ပရင်စပယ်ဟာ ဒါပဲ ဆိုတာမျိုးကို တိကျ ခိုင်မာ ရဲရင့်စွာ ထုတ်ပြရတော့မယ့် အချိန်အခါ ဆိုက်လာပြီ ဖြစ်ပါတယ်။
ကမ္ဘာတည်သရွေ့ တည်ရှိနေမယ့် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် နှစ်ဖက်စလုံး ခံသာမယ့် သံခင်းတမန်ခင်း ဖြစ်ဖို့လည်း လိုအပ်လှပါကြောင်း ရေးသားလိုက်ရပါတယ်။
ကိုလူမိုး
The Tanintharyi Times
