ရွှေဈေး နဲ့ ငွေလဲလှယ်နှုန်းတွေလည်း ပြန်တက်

ရွှေဈေး နဲ့ ငွေလဲလှယ်နှုန်းတွေလည်း ပြန်တက်

ပြီးခဲ့တဲ့ ရက်ပိုင်းက အနည်းငယ်ကျဆင်းလာတဲ့ ပြည်တွင်းအခေါက် ရွှေဈေးနှုန်း နဲ့ ငွေလဲလှယ်နှုန်းတွေဟာ ဒီကနေ့ မှာတော့ ပြန်တက်နေတယ်လို့ ရွှေဈေးကွက်နဲ့ ငွေကြေးနဲ့ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ခန့်က အခေါက်ရွှေတစ်ကျပ်သားကို ကြိုက်ရောင်းကြိုက်ဝယ်ဈေး ၆၄ သိန်းရှိခဲ့ပြီး ဒီနေ့မှာ ၆၈ သိန်းဝန်းကျင်အထိ ပြန်တက်လာတာပါ။

စစ်ကောင်စီသတ်မှတ်ဈေးအတိုင်းမရောင်းနိုင်လို့ ထားဝယ်ရွှေဈေးကွက် ဈေးမဖွင့်တာ သုံးလကျော်ရှိနေပါပြီ။

လွန်ခဲ့တဲ့သုံးရက်ခန့်က မြန်မာငွေကျပ်တစ်သိန်းပေးရင် ထိုင်းငွေ ၇၄၀ ဘတ်ဝန်းကျင်ရခဲ့ပြီး ဒီကနေ့ဈေးအရ ၆၅၀ ဘတ်သာ ရတော့တယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အမေရိကန်ငွေတစ်ဒေါ်လာကိုလည်း လွန်ခဲ့တဲ့ သုံးရက်ခန့်က ၅၀၀၀ ကျပ်ဈေးဖြစ်ခဲ့ပြီး ဒီကနေ့မှာ ၅၃၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

စစ်အာဏာမသိမ်းခင်ကတော့ မြန်မာငွေတစ်သိန်းမှာ ထိုင်းငွေ ၂၂၀၀ ဘတ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာမှာ ၁၃၀၀ ကျပ်ဝန်းကျင်နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းရှိခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times