တနင်္သာရီမှာ စစ်ကောင်စီက နေအိမ်လေးဆောင်ထက်မနည်း မီးရှို့ဖျက်ဆီး

တနင်္သာရီမှာ စစ်ကောင်စီက နေအိမ်လေးဆောင်ထက်မနည်း မီးရှို့ဖျက်ဆီး

ပုံစာ - ပြီးခဲ့တဲ့ ဩဂုတ်လမှာ တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့ခဲ့တဲ့မြင်ကွင်း (ပုံဟောင်း) ဓါတ်ပုံ - မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂)

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ဒေသခံနေအိမ်လေးဆောင်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်ကစလို့ စစ်ကောင်စီတပ်သားအင်အား ၂၀၀ ဝန်းကျင်ကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ခြောက်မိုင်၊ ဘန်လော၊ ကျွဲထိန်းကုန်း၊ ဘန်လင်နဲ့ ဆင်ခေါင်းရွာတွေဘက်ကို ရက်ရှည်စစ်ကြောင်းထိုးနေတာပါ။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေကနေ စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ဘန်လင်ရွာနဲ့ ဆင်ခေါင်းရွာက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ဆင်ခေါင်းရွာထဲရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက မနက် ၁၁ နာရီဝန်းကျင်မှာ ရွာထဲက နေအိမ်တစ်ဆောင်ကို စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘန်လင်ရွာဘက်ကိုတော့ စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက နောက်တနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ နေအိမ် ၃ ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်စစ်ရှောင်နေတဲ့ ဥယျာဥ်တောင်ပေါ်ကနေဆို ဘန်လင်ဘက်ကို လှမ်းမြင်နေရတယ်ဗျ။ အနီးကပ်သွားကြည့်လို့မရပေမဲ့ အရှို့ခံရတာက အနည်းဆုံးသုံးဆောင်လောက်တော့ ရှိတယ်” လို့ ဘန်လောရွာ ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေတောက်လျှောက်မှာ နေအိမ်တွေကို မီးရှို့တာအပြင် စားသောက်ကုန်တွေကိုဖျက်ဆီးတာနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေပါ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေက ဒေသခံတွေက ဆိုပါတယ်။

“ စားလို့ရတာတွေ အကုန်ယူစားတယ်။ သူတို့မစားတာတွေကို အကုန်ဖျက်ဆီးပစ်ခဲ့တယ်။ သောက်ရေတွင်းတွေကိုလည်း ရေသောက်လို့မရအောင် ပစ္စည်းတွေ ပစ်ထည့်ခဲ့တယ်” လို့ ခြောက်မိုင်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဘန်လင်ရွာထဲကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးရိုက်နှက်တာတွေရှိခဲ့ပြီး အရေအတွက် အတိအကျနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရဘူးသေးလို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကာလတောက်လျှောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဒရုန်းဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ကျွဲထိန်းကုန်းရွာက အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ကျွဲထိန်းကုန်း၊ ဘန်လင်၊ ဘန်လောရွာတွေက ဒေသခံ ၉ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ဆင်ခေါင်းရွာကနေ ရှေ့ဆက်တိုးနေပြီး ဒီကနေ့အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိသေးဘူးလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကတော့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) နဲ့ (၂) က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေဆီကသိရပါတယ်။

The Tanintharyi Times