သီပေါမြို့မှာ လေကြောင်းကြောင့် တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံး
သီပေါမြို့မှာ လေကြောင်းကြောင့် တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့မှာ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁ ရက်နေ့ကနေ ဒီကနေ့ ၂၇ ရက်နေ့အထိ သီပေါမြို့ ၂၁ သေဆုံးခဲ့တဲ့အပြင် ကလေးငယ် ၁၀ ဦး အပါအဝင် ၅၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့မနက် ၂ နာရီဝန်းကျင် ပြည်သူတွေ အိမ်မောကျနေချိန်မှာ သီပေါမြို့ပေါ်ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်နေ အသက် ၆၀ အရွယ် ဦးဖိုးလူနဲ့ အသက် ၅၀ အရွယ် ဦးအောင်နိုင်တို့ ပွဲချင်းပြီး သေဆုံးသွားသလို နောက်ထပ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့မနက်မှာ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အုတ်ကျင်းရပ်ကွက်မှာ ရှိတဲ့ မူလတန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်းနဲ့ ပန်းတိမ်တောင်(မြောက်) ရပ်ကွက်ရှိ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ကနေ ဩဂုတ် ၂၅ ရက်အထိ ၃၈ ရက်အတွင်း သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ပါတယ်။
သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေ၊ သံဃာတော်တွေနဲ့ သီလရှင်တွေလည်း ပါဝင်ပါတယ်။
ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်၊ ဈေးဆိုင်တန်း စတဲ့ အဆောက်အအုံပေါင်း ၁၁၀ အထိ ပျက်စီးသွားခဲ့ရတယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။
အခု ဩဂုတ်လ ပထမရက်သတ္တပတ် ၂ ပတ်ထဲမှာပင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါး လုပ်ဆောင်ခဲ့တာကြောင့် ရှမ်းမြောက်ဒေသက ပြည်သူ ၃၀ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်အထိ ရှိခဲ့ပြီး တနိုင်လုံးအတိုင်းအတာနဲ့ဆိုရင် ကလေးသူငယ် ၁၃ ဦး အပါအဝင် ပြည်သူပေါင်း ၇၀ နီးပါး သေဆုံးခဲ့ရကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း BMC အဖွဲ့က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times