ကားလမ်းမှာစစ်ဆေးချိန်ဖမ်းမိတဲ့ ရဲတပ်ကြပ်ကြီး ပြန်လည်ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးချိန်သေဆုံး
ကားလမ်းမှာစစ်ဆေးချိန်ဖမ်းမိတဲ့ ရဲတပ်ကြပ်ကြီး ပြန်လည်ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးချိန်သေဆုံး
ရေဖြူ မြို့နယ် ထားဝယ်-ရန်ကုန်ကားလမ်းမ ပေါ်မှာ ထားဝယ်ခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စစ်ဆေးချိန် ရဲတပ်ကြပ်ကြီးတစ်ဦး ဖမ်းမိတဲ့ ရဲတပ်ကြပ်ကြီး ပြန်လည်ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးချိန်သေဆုံးသွားတယ်လို့ TPLF က ထုတ်ပြန်ထားပါတယ်။
အဲဒီရဲတပ်ကြပ်ကြီးဟာ တနင်္သာရီတိုင်းအဝင် မလွှဲတောင်စုပေါင်းစစ်ဆေးရေးဂိတ်ကနေ ရေဖြူမြို့မရဲစခန်းကို ပြည်သူတွေနဲ့ရောပြီး လိုက်ပါလာတယ်လို့ သတင်းအတိအကျရတာကြောင့် အခုလ ၂ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးရမိသူကတော့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးဖြစ်တယ်လို့သိရပါတယ်။
“သတင်းရလို့ ကျနော်တို့လမ်းပေါ်ကို ပြန်ထွက်စစ်တဲ့အချိန်မိတာပါ။ သူကပရိုဘောက်ကားပေါ်မှာ တခြားခရီးသည်တွေနဲ့အတူပါလာတာ။ ယူနီဖောင်းတွေလည်းမိတယ်။ ဒါကြောင့်သူကိုကားပေါ်ကခေါ်ချပြီး ဖမ်းဆီးလိုက်တာ” လို့ TPLF ရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ရဲတပ်ကြပ်ကြီးကို သူ့မှာပါလာတဲ့ ယူနီဖောင်းအားပြန်လည်ဝတ်ဆင်စေပြီး ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူတွေ ကောင်းမွန်စွာ စစ်ဆေးမေးမြန်းကာ MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (တပ်ရင်း-၁) တာဝန်ခံဆီကို အပ်နှံဖို့ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုသွားရောက်အပ်နှံရန်သွားချိန် လမ်းခုလတ်တစ်နေရာမှာ ပြန်လည်ခုခံပြီး ထွက်ပြေးတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“သူ့မှာပါလာတဲ့လက်ထိပ်နဲ့ပဲ လက်ထိပ်ခတ်ပြီးခေါ်ဆောင်နေတဲ့အချိန်မှာ ခေါ်လာတဲ့သူကိုပခုံးနဲ့တိုက်ပြီး ထွက်ပြေးတယ်။ အဲဒီအချိန် ပစ်ခတ်ဖမ်းဆီးလိုက်တာပါ” လို့ TPLF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ကားလမ်းပေါ်က နယ်မြေစိုးမိုးရေးလှုပ်ရှားမှုတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ပြန်လည်ခုခံပြီးထွက်ပြေးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးရဲ့ရုပ်လောင်းကိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက လူသားဂုဏ်သိက္ခာနဲ့အညီ ကောင်းကောင်းမွန်မွန် မြေမြှုပ် သင်္ဂြိုဟ် ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မွန်ပြည်နယ်အတွင်းက မိန်းလမ်းမကြီးပေါ်မှာလည်း ပြီးခဲ့တဲ့ ဇွန်လကစလို့ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးတာတွေပြုလုပ်နေပြီး စစ်ကောင်စီနဲ့ဆက်နွယ်သူတွေဖမ်းမိတာတွေရှိခဲ့ပါတယ်။
The Tanintharyi Times

