ဘုရားမဲစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံမှုမှာ စစ်ကောင်စီတပ်သား ၂ဦးသေဆုံး
ဘုရားမဲစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံမှုမှာ စစ်ကောင်စီတပ်သား ၂ဦးသေဆုံး
ထားဝယ်မြို့နယ်က ဘုရားမဲစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သွားရောက် ပစ်ခတ်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁)က သိရပါတယ်။
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာ ရှိတဲ့ အဲဒီစစ်ဆေးရေးဂိတ်ဟာ ရေဖြူမြို့နယ်အခြေစိုက် ခမရ (၄၀၆)တပ်ရင်းက စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာဖြစ်ပါတယ်။
အခုလ ၁၄ ရက်နေ့ မနက် ၈နာရီခွဲလောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောက်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်အများအပြားပြန်လည်ခုခံပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်၂ ဦးလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်သက်သာနေပြီလို့ ထားဝယ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကပ်ပတန်ကပြောပါတယ်။
အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်၊ တပ်ရင်း(၁)ရဲ့ တပ်ခွဲ ၂ စစ်ကြောင်း၊ DGRF၊ ဧဒင်မှူး၊ Aline Forceအဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ဘုရားမဲဂိတ်စခန်းဟာအရင်ကလည်း မကြာခဏတိုက်ခိုက်ခံနေရတဲ့နေရာဖြစ်ပါတယ်။
အခုလ ၁၄ ရက်နေ့မနက် ၈ နာရီဝန်းကျင်မှာပဲ ပကာရီရဲကင်းစခန်းဂိတ်ကိုလည်း ထားဝယ်စုပေါင်းစစ်ကြောင်းက လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
The Tanintharyi Times
