ထားဝယ်-ရေး ကားလမ်းပေါ်က ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ထားဝယ်-ရေး ကားလမ်းပေါ်က ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ထားဝယ်-ရေးကားလမ်းပေါ်က ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာရှိတဲ့ အဆိုပါစစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ ငယ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံတွေကိုကြားရတယ်လို့ဒေသခံတွေကဆိုပါတယ်။

“လက်နက်ကြီးတွေလည်းပစ်နေတယ်။ လက်နက်ကြီးအစတွေရွာထဲဘက်ကအိမ်တွေကိုပါ လာစင်တယ်” လို့မောင်မယ်ရှောင် ရွာသားတစ်ဦးကပြောပါတယ်။

တော်လှန်ရေးတပ်တွေပြန်ဆုတ်ပြီးနောက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ ငယ် ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အခုမနက် ၁၀ နာရီခွဲလောက်အထိ သေနတ်ပစ်ခတ်သံတချို့ကိုကြားနေရပြီး လမ်းကိုပိတ်ဆို့ထားတာကြောင့် ကားအများအပြားပိတ်မိနေတယ်လို့သိရပါတယ်။

လက်ရှိမှာ မောင်မယ်ရှောင်ရွာထဲမှာလည်းစစ်ကောင်စီ တပ်သားတွေရောက်ရှိနေပြီး ရွာတချို့လည်းတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဘုရားမဲစစ်ဆေးရေးဂိတ်ကို အခုလ ၉ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသေးတယ်။

အဲဒီဂိတ်ဟာ စစ်အာဏာသိမ်းပြီးနောက်မှအသစ်ဆောက်လုပ်ထားတာဖြစ်ပြီး ခရီးသည်တွေကိုစစ်ဆေးတာ ငွေကြေးတောင်းခံတာတွေပြုလုပ်နေတဲ့နေရာလည်းဖြစ်ပါတယ်။

The Tanintharyi Times