“ ကြားနေ” သမားများ ဓမ္မရင်ခွင် ခိုလှုံချိန်တန်ပြီ
“ ကြားနေ” သမားများ ဓမ္မရင်ခွင် ခိုလှုံချိန်တန်ပြီ
မတရားမှုတစ်ခုမှာ ကြားနေလို့ မရဘူးဆိုတာ အကြမ်းဖက် လူယုတ်မာတစ်စုက ထုတ်လိုက်တဲ့ စစ်မှုထမ်း ဥပဒေက လက်တွေ့ပြလိုက်ပါတယ်။ ကိုယ့်အနီးဝန်းကျင်မှာ ဖြစ်နေတဲ့ မတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးလို့ မသိကျိုးကျွံ ပြုထားခဲ့ရင် တချိန်ချိန်မှာ အဲဒီမတရားမှုက ကိုယ်အိမ်တံခါးကို လာခေါက်လိမ့်မယ်လို့ ပညာရှင်တွေက အကြိမ်ကြိမ် သတိပေးခဲ့ကြတယ်။ အခုတော့ အိမ်တံခါး ခေါက်ရုံတင်မကတော့ပါဘူး။ အိပ်ရာထဲကိုတောင် ရောက်လာခဲ့ပြီ။
ယုတ်မာသူလက်ထဲကို အာဏာရှိနေသေးသရွေ့ တရားလက်လွတ် လုပ်ရပ်တွေ ကိုယ့်ဆီကို တနည်းမဟုတ်တနည်း လာရောက်ခြိမ်းခြောက်နေမှာပါပဲ။ အာဏာရှင်အုပ်စု ဆက်ပြီး ခြေကုပ်မြဲဖို့ဆို ဘယ်လိုကောက်ကျစ်ယုတ်မာမှုမျိုးပဲဖြစ်ဖြစ် ဆက်လုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ အာဏာတွေ တပိုင်းတစပြိုလဲနေရင်တောင် ရှိသမျှလက်ကျန် အာဏာကိုသုံးပြီး ယုတ်မာတဲ့အမှုကို ကျူးလွန်ဖို့ အမြဲစိုင်းပြင်းနေတတ်တယ်။
ဖက်ဆစ်တပ်ရဲ့ အာဏာစက်ဝန်းဟာ ကျဉ်းသထက်ကျဉ်းလာတယ်။ မြို့ရွာပေါင်းများစွာကို လက်လွှတ်လိုက်ရပြီ။ တော်လှန်တပ်သားတို့ရဲ့ သဲသဲမဲမဲ တိုက်ခိုက်တာကို နေ့စဉ်နဲ့အမျှ ခံနေရတယ်။ လဲပြိုကျဆုံးခန်းကို ရောက်ခါနီးနေပြီ ဆိုပေမယ့် အကြမ်းဖက်သမားတွေ အခုချိန်ထိ ခြေကုပ်ထားနိုင်သေးတဲ့ နေရာတွေလည်း အတော်များများ ကျန်နေဆဲပါ။
အထူးသဖြင့် တောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့ဆိုရင် အကြမ်းဖက်စစ်တပ်နဲ့ သူ့ဩဇာခံတွေ မင်းမူနေဆဲ နေရာများစွာ ရှိနေပါသေးတယ်။ မြို့နယ်၊ ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့ဆိုသူတွေ၊ ပျူစောထီးအဖွဲ့ဝင် ဆိုသူတွေက ပြည်သူတွေအပေါ် ထင်တိုင်းရမ်းကားနေကြပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ အမည်ခံနေသူတွေဟာ ပြည်သူအပေါ် နည်းလမ်းပေါင်းစုံသုံးပြီး ခြိမ်းခြောက်ငွေညှစ်နေတဲ့ ဓါးပြအကြီးစားတွေ ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုလည်း အကြမ်းဖက်ခေါင်းဆောင် လက်မှတ်ထိုးလိုက်တဲ့ စစ်မှုထမ်း ဥပဒေဆိုတာကို အမှီပြုပြီး သူတို့အိတ်ထဲ ငွေအလုံးအရင်း ဝင်လာဖို့ ကြံကြဖန်ကြဦးမှာ အသေအချာပါပဲ။
စစ်မှုထမ်းရမယ်လို့ ဆိုထားပေမယ့် အကြမ်းဖက်သမားတွေရဲ့ ရှေ့က အသေခံပေးဖို့ လူစုဆောင်းတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်။ ငွေကို ဖောဖောသီသီ သုံးနိုင်သူတွေအတွက် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပေမယ့် ငွေလည်းမသုံးနိုင်၊ အသေလည်း မခံနိုင်သူတွေအတွက် ဘယ်လမ်းကို ရွေးမလဲဆိုတာ အပူတပြင်း စဉ်းစားဆုံးဖြတ်ဖို့ လိုနေပြီ။
အကြီးစား လာဘ်စားမှု အပါအဝင် ခြိမ်းခြောက်နှိပ်စက်မှုမျိုးစုံ ပြုလုပ်လာနိုင်တာမို့ ဒီလိုဆင်းရဲဒုက္ခမျိုးက ကင်းလွတ်ချင်တယ်ဆိုရင် တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ကြရပါမယ်။ အာဏာရှင်နဲ့ အပေါင်းပါတစ်စု မြန်မြန်ပြိုလဲမှ ဒီဆင်းရဲက လွတ်နိုင်မှာမို့လို့ပါ။
တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ဖို့ဆိုတာ ပြည်သူတစ်ယောက်ချင်းစီအပေါ်မှာ လုံးဝတည်မှီနေပါတယ်။ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ အကြမ်းဖက်တွေ ပေးတဲ့ဒုက္ခကနေ ဘယ်တော့လွတ်မြောက်မလဲ ဆိုတဲ့အဖြေဟာ လူထုဆီမှာပဲ ရှိပါတယ်။ ဤခရီး အနီးအဝေးဟာ တစ်ယောက်ချင်းစီရဲ့ ပါဝင်မှုအပေါ် မူတည်ပါတယ်။
“ကိုယ်လုပ်မှ ကိုယ်စားရမယ်”၊ “နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်” လို့ ပြောနေလို့ မရတော့ပါဘူး။
သေနတ်မိုးထားတဲ့ လူယုတ်မာတွေလက်အောက်မှာ ဘယ်သူဖြစ်ဖြစ် အန္တရာယ်မကင်းဘူးဆိုတာ လူတိုင်းနားလည်သင့်ပြီ။
တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလို မသိကျိုးကျွံပြုပြီး ကြားနေသူတွေကိုလည်း မိစ္ဆာရန်သူက အလွတ်ပေးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ နေထိုင်ရမယ့်ထောင့် ကျဉ်းသထက်ကျဉ်းလာပြီး အသက်ရှူပေါက်လုံးဝ ပိတ်သွားတဲ့အထိ ကမ်းကုန်ယုတ်မာကြတော့မှာပါ။
အကြမ်းဖက်စစ်တပ်မှာ အမှူထမ်းနေကြတဲ့ စစ်သားတွေကို “ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဆိုပြီး ဓမ္မဘက်တော်သားတွေအဖြစ် ရပ်တည်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံကို ခဏခဏ ကြားနေရပါတယ်။ အများအတွက် မစဉ်းစားရင်တောင် ကိုယ့်မိသားစု ကိုယ်အသက်ခန္ဓာ အိုးစားမကွဲဖို့အတွက် ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြဖို့ လိုပါတယ်။
အကြမ်းဖက်တပ်သားတွေက ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ အရေးကြီးသလို ကြားနေသမားတွေကိုလည်း “ဓမ္မရင်ခွင် ခိုလှုံကြ” လို့ ထပ်ဆင့် တိုက်တွန်းချင်ပါတယ်။ ဓမ္မဘက်တော်သားတွေရဲ့ စုပေါင်းအင်အားနဲ့ ဒီစနစ်ဆိုးကြီးကို ဖြိုလှဲကြရအောင်ပါ။
အကြမ်းဖက်အဖွဲ့ လက်အောက်မှာ စစ်မှုထမ်းရတာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ သိကြပြီ ထင်ပါတယ်။ အကြီးစား ဘော်တာဆွဲပြီး လူသားဒိုင်းကာအဖြစ် သုံးမှာမို့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။
စစ်မှုထမ်းဖို့ အသက်အရွယ်၊ နှစ်အပိုင်းအခြား သတ်မှတ်ထားတယ် ဆိုပေမယ့် ဥပဒေဆိုတာ သူတို့လက်ထဲမှာ မဟုတ်လား။
“တရားဥပဒေကို အာဏာရှိသူရဲ့ အလိုကျ အသုံးချနေတာဟာ တရားဥပဒေ မရှိတာနဲ့ အတူတူပါပဲ” ဆိုတဲ့ စကားအတိုင်းပါပဲ။ မိစ္ဆာအပေါင်းပါတွေဆီက ဘယ်လို တရားမျှတမှု၊ ငဲ့ညှာထောက်ထားမှုမျိုးကိုမှ ယောင်လို့တောင် မမျှော်လင့်လိုက်ပါနဲ့။
တိရိစ္ဆာန်တွေကို စားချင်လို့ အာခေါင်အနံ့ ရှူခိုင်းတဲ့ ခြင်္သေ့ယုတ် ပုံပြင်လိုပေါ့။ သူ့ပါးစပ်အနံ့ နံတယ်ပြောပြော၊ မွှေးတယ်ပြောပြော အကုန်လုံး သတ်စားလိုက်မှာပဲ။ ဒီအာဏာရူးတွေက ခြင်္သေ့ယုတ်ထက် ဆိုးတာမို့ နှာစေးတယ်ပြောလည်း အသတ်ခံရမှာပါပဲ။
ဒီအန္တရာယ်ကို သိနားလည်သူတွေက အရင်က ဘာသိဘာသာ နေခဲ့ရင်တောင် အခုအချိန်မှာ တော်လှန်ရေးအတွက် တခုခုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ အခုတစ်ရက်နှစ်ရက် အတွင်းမှာကိုပဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ထောင်နဲ့ချီတဲ့ လူငယ်တွေ လျှောက်လွှာတင်နေကြတယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ တော်လှန်ရေးအတွက် အားတက်ဖွယ်သတင်းတွေပါပဲ။
ဒီလိုပြောတာက လူတိုင်း လက်နက်ကိုင်စွဲရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နိုင်သူက ပါဝင်ကြပြီး၊ လက်နက်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး ဆိုရင်လည်း တော်လှန်ရေးရဲ့ အခန်းကဏ္ဍ အသီးသီးမှာ တထောင့်တနေရာက ဝိုင်းဝန်းပါဝင်ပေးကြဖို့ပါ။ ကိုယ့်ဘဝအခြေအနေအရ ကိုယ်နဲ့သင့်တော်တဲ့ နည်းလမ်းကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ ရပါတယ်။
ဘယ်နည်းလမ်း ရွေးချယ်သည်ဖြစ်စေ တော်လှန်ရေးကို တဖက်တလမ်းက အကျိုးပြုနေဖို့တော့ လိုပါတယ်။ တော်လှန်ရေးကို ကျောခိုင်းထားတဲ့ ကြားနေဘဝကနေ ဓမ္မဘက်ကို မျက်နှာမူကြဖို့ အရေးကြီးဆုံးပါ။
တချို့ကြားနေသမားတွေက “လင်ပြေးယူလိုက်မယ်၊ သာသနာ့ဘောင် ပြေးဝင်လိုက်မယ်၊ တို့က သတ်မှတ်အသက် ကျော်သွားလို့ စိုးရိမ်စရာမလို” ဆိုတာမျိုးတွေ ဟာသလုပ်နေကြတယ်။ ဒါက လှောင်ပြောင်သရော်ရမယ့် ကိစ္စမဟုတ်ဘူး။ မသမာသူတွေဟာ သူတို့လိုအပ်လာရင် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ဖမ်းဆီးမှာပါပဲ။
အကြမ်းဖက်တွေဟာ သူတို့ပြဌာန်းထားတဲ့ ဥပဒေကို ခပ်မြန်မြန်ပဲ အသက်သွင်းနေကြပါပြီ။ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ကြေညာပြီး ၂၄ နာရီအတွင်းမှာ စစ်ကိုင်းမြို့နယ်က ခရီးသွားလူငယ် ၄၀ ကျော်ကို ဖမ်းဆီးသွားသလို၊ အထက်မြန်မာပြည်က လူငယ်တွေ အဖမ်းခံနေရတဲ့ သတင်းတွေကို ဆက်တိုက်ကြားနေရပါတယ်။
NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ ပြောတဲ့ “စကစ ရဲ့ ပြည်သူ့စစ်သင်တန်းတွေကို ပျော်ပျော်ပါးပါး တက်ကြမယ်၊ ပြီးရင် ရန်သူ့လက်နက်နဲ့ပဲ ရန်သူ့ကို ဖြုတ်ချကြတာပေါ့” ဆိုတာဟာ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ စကားသာဖြစ်တယ်။ တော်လှန်ရေးမှာ ထိပ်တန်းတာဝန်ယူထားသူ တစ်ယောက်အနေနဲ့ ဒီလိုစကားမျိုး မပြောသင့်ပါဘူး။
စစ်တမ်းတွေအရ တပ်ပြေး ငါးယောက်ထဲမှာ နှစ်ယောက်ပဲ အသက်ရှင်ခွင့် ရပါတယ်။ သူတို့လက်အောက်ရောက်သွားတာနဲ့ သေဖို့ကလွဲပြီး တခြားဖြစ်နိုင်ချေ မရှိပါဘူး။ သူတို့တွေဟာ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတွေကို ပျော်ပျော်ပါးပါး ကျူးလွန်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းမို့ ဘယ်လို ယုတ်မာကောက်ကျစ်မှုမျိုးမဆို ကျူးလွန်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။
နှစ်ပေါင်းခုနစ်ဆယ်လောက် မင်းမူလာတဲ့ အာဏာရူးတစ်သိုက်ဟာ အခုဆိုရင် တော်လှန်ပြည်သူတွေရဲ့ အဖက်ဖက်က ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အင်အားအချိနဲ့ဆုံး အချိန်ကို ရောက်နေပါပြီ။ နောက်ထပ် အားစိုက်ပြီး ပြိုင်တူတွန်းလိုက်ရင် အပြီးသတ်လဲပြိုသွားမှာ မလွဲပါဘူး။ ဒါ့ကြောင့် ခြိမ်းခြောက် အကြမ်းဖက်မှုတွေကို အသိဉာဏ်ရှိရှိ ရှောင်ရှားရင်း တော်လှန်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကိုယ်စီပါဝင်ကြပါစို့။ ။
ငြိမ်းပန်
The Tanintharyi Times
