ယဉ်ကျေးမှုသရုပ်
ယဉ်ကျေးမှုသရုပ်
ပညာရေးအတွေး၊ ဒဿနအမြင် (၁၆)
နိဒါန်း
ယဉ်ကျေးမှုသည် ယနေ့ခေတ်ပညာရှင်များကြား ရေပန်းအစားဆုံး၊ ဟော့အဖြစ်ဆုံး၊ ဘာသာရပ်နယ်ပယ်တစ်ခု ဖြစ်သည်။ လေ့လာ၍မကုန်၊ ငြင်းခုံ၍မကုန်၊ ဖြေရှင်း၍မကုန်သော လူမှုအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါ သည်။ အကြောင်းမှာ လူ့အဖွဲ့အစည်းအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းဖြစ် စဉ်အတွင်း မည်သို့သော ပြဿနာအသီးသီးကို ဖြေရှင်းကျော်လွှားသည် ဖြစ်စေ၊ ယဉ်ကျေးမှုတည်းဟူသော လူမှုအရင်းအမြစ်ကို ခြွင်းချန် ခဲ့၍ မရသောကြောင့် ဖြစ်သည်။ ယနေ့ဖြစ်ပေါ်ပြောင်းလဲနေသော လူမှုရှုခင်းများကိုပင် ကြည့်ပါလေ။
တရုတ်ပြည်၏ စီးပွားတိုးတက်မှုမှာ စတုတ္ထမျိုးဆက်ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုအသီးသီးကြောင့်တော့ မဖြစ်တန်ရာ၊ စိနအမျိုးသားတို့၏ ယဉ်ကျေးမှုဆိုင်ရာ တစ်ဝမ်းတစ်ခါးစိတ် (Economy Spirit)ကိုလည်း အမှတ်ပေးဖို့တော့ လိုသည်။ အရှေ့အလယ်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများမှာလည်း စစ်ရေး၊ နိုင်ငံရေး ဖက်တာ (Factor)များ၏ အလွန်မှာသာ ရှိနိုင်သည်။ ဤပဋိပက္ခများသည် လွတ်လပ်မှုကို အခြေမခံ၊ အချုပ်အခြာပိုင်နက်မှာ အခြေမခံ၊ ဈေးကွက်စီးပွားရေးမှာ အခြေမခံ၊ ယဉ်ကျေးမှုမျက်နှာစာမှာသာ အခြေခံသည်ဟု ဆိုနိုင်သည်။
ရှင်းရလျှင် လူမျိုးရေး၊ ဘာသာရေး၊ ကျင့်ဝတ်ဓလေ့ထုံး နှင့် အစဉ်အလာ လူမှုဟန်များမှာ အခြေခံသည်။ သည်တော့ ပြဿနာတစ်ရပ် ကို နယ်ပယ်တစ်ခု၊ ထောင့်တစ်ထောင့်မှ ချဉ်းကပ်၍မဖြစ်။ သက်ဆိုင်ရာ ဖက်တာအသီးသီးမှ ချဉ်းကပ်မှသာလျှင် အပြေလည်ဆုံး ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်မည်။ ဤတွင်လည်း ယဉ်ကျေးမှုဖက်တာမှာ အဓိကအကျဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး ဖြစ်သည်။ မည်သို့ဆိုစေ ယဉ်ကျေးမှုကို လေ့လာနားလည် အပ်သော ဘာသာရပ်တစ်ခုအဖြစ် သဘောထားနိုင်လျှင်ပင် အကျိုးများဖွယ် ရှိပါသည်။
ယဉ်ကျေးမှုသဘော
ယဉ်ကျေးမှုကို ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲ၍ လေ့လာနိုင်သည်။ သက်ငြိမ်ယဉ်ကျေးမှု (Silence Culture)နှင့် သက်ဝင်ယဉ်ကျေးမှု (Living Culture)တို့ ဖြစ်သည်။ သက်ငြိမ်ယဉ်ကျေးမှုတွင် တစ်ချိန်က လူ့သမိုင်းတွင် ထွန်းထွန်းကားကား လှုပ်ရှားသက်ဝင်နေပြီး ယခုအချိန်၌ အမှတ်အသားအဖြစ် တည်ရှိနေသည့် မြို့ရိုးဟောင်းများ၊ စေတီပုထိုးဘုရားကျောင်းများ၊ ရှေးဦးလူတို့ ၏ အသုံးအဆောင်များနှင့် သူတို့၏ လုပ်ဆောင်ချက်များကို ရေးသားဖော်ပြသော စာပေမှတ်တမ်း၊ ပန်းချီ၊ ပန်းပု အနုပညာလက်ရာများစသည့် အသိ ဉာဏ်ပညာ ဖွံ့ဖြိုးမှု၏ အထောက်အထား အမွေအနှစ်များ ပါဝင်သည်။ ဤ သက်ငြိမ်ယဉ်ကျေးမှုများသည် လူ့သမိုင်းဖြစ်ပေါ်တိုးတက်မှုများကို လေ့လာ သည့်နေရာတွင် အမှန်အရေးပါသည့် တန်ဖိုးရှိ အမှတ်သရုပ်များ ဖြစ်သည်။ ဤသည်တို့ကို ကြည့်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းအသီးသီး၏ လူမှုစီးပွားနှင့်
နိုင်ငံရေးရာများကို ခန့်မှန်းနိုင်ပြီး ဤယဉ်ကျေးမှုများ မည်သို့ တိုးတက်ခဲ့သည်၊ မည်သို့ဆုတ်ယုတ်ခဲ့သည် ဆိုသည်များကို နားလည်သဘောပေါက် လိမ့်မည် ဖြစ်သည်။
သို့သော် ဤသက်ငြိမ်ယဉ်ကျေးမှုများကို အကြွင်းမဲ့တန်ဖိုးအဖြစ် သတ်မှတ်ဂုဏ်ယူ၍မရသည်များလည်း ရှိသည်။ ဥပမာ- အီဂျစ်တို့၏ ခမ်းနား ထည်ဝါလှသည့် ပိရမစ်ကြီးများ ရောမသားတို့၏ထုထည်ကြီးမားလှသည့် မြို့ရိုးအဆောက်အအုံကြီးများကို အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ် များအဖြစ် ဂုဏ်တင်နိုင်ပါသည်။ အခြားတစ်ဖက်တွင်မူ စေတီပုထိုး၊ အုတ်မြို့ရိုးနန်းတော် အဆောက်အအုံကြီးများကို အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ဂုဏ်တင်နိုင်ပါသည်။ အခြားတစ်ဖက်တွင်မူ စေတီ ပုထိုး၊ အုတ်မြို့ရိုးနန်းတော်အဆောက်အအုံ၊ ပိရမစ်ဂူသင်္ချိုင်းများသည် ပြည်သူတို့၏ အခွန်အတုတ်များ၊ ကျွန်များ၏ လုပ်အားများဖြင့် ထုဆစ်ထားသော ပဒေသရာဇ်လက်ရာများသာ ဖြစ်သည်ကို တွေ့ရမည်။
ခိုင်မာလှသည့် မြို့ရိုးခံ တပ်များကိုကြည့်ပြီး မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့သည်များကို တွေ့ရှိရမည် ဖြစ်သလို ပဒေသရာဇ်နိုင်ငံငယ်အချင်းချင်း စစ်ခင်းသတ်ဖြတ်ခဲ့သည်များကို လည်း ပြန်လည် အမှတ်ရစေမည် ဖြစ်သည်။ ကျိန်စာတိုက်မှုများ၊ ဘာသာရေး ပူဇော်မှုများနှင့်အတူ လူသားကို ယဇ်ကောင်အဖြစ် အသုံးချခဲ့ခြင်းများသည် လူ့အဖွဲ့အစည်းတိုင်းမှာလိုလို တွေ့ရှိရသည့် ယဉ်ကျေးမှုဖြစ်စဉ်များပင် ဖြစ်သည်။
သည်ဘက်ခေတ်တွင်မူ သက်ငြိမ်ယဉ်ကျေးမှုထက် သက်ဝင်ယဉ်ကျေး မှု (Living Culture) ကိုပို၍ အလေးပေး ဆွေးနွေးလာကြသည်။ Living Culture ကို Civilization ဟုလည်း သုံးစွဲကြသည်။ Civilization ဟူ သည် မြို့ပြယဉ်ကျေးမှုအသီးသီးကို ဆိုလိုသည်မဟုတ်။
သက်ဆိုင်ရာ အဖွဲ့ အစည်းရှိ အဖွဲ့ဝင်လူသားတို့၏ အပြုအမူ၊ အတွေးအကြံ၊ အလုပ်အကိုင်၊ တီထွင်ဖန်တီးမှု အလုံးစုံတို့ သက်ဝင်လှုပ်ရှားနေသည့် လူ့ယဉ်ကျေးမှု အဝန်း အဝိုင်းကြီးသာ ဖြစ်သည်။ ဤနေရာတွင်မူ အများနားလည် လက်ခံပြီးသား ယဉ်ကျေးမှု (Culture) ကိုပင် အဓိက ဆွေးနွေးပါမည်။
ယဉ်ကျေးမှု ဝေါဟာရကို စာတစ်ပါဒ၊ ဝါကျတစ်ကြောင်းဖြင့် ဖွင့်ဆိုဖို့ မလုံလောက်သေး။ သူက လူ့သင်းပင်းအဖွဲ့အစည်းတစ်ခု၏ ယုံကြည်သက် ဝင်မှု၊ ကျင့်ဝတ်ဓလေ့ထုံး၊ အသိဉာဏ်ပညာနှင့် အနုသုခမလက်ရာများ၊ လူမှု ဖွဲ့စည်းပုံ၊ စီးပွားကုန်ထုတ်ဆက်ဆံရေးနှင့် အပေါ်ထပ်နိုင်ငံရေး အဆောက် အအုံစသည်တို့ ပေါင်းစည်းသက်ဝင်နေသော ရှုပ်ထွေးလှသည့် နယ်ပယ်အဝန်း ကြီး ဖြစ်ပါသည်။
Princeton တက္ကသိုလ်မှ လူမှုသိပ္ပံပညာရှင် Clifford Geertz (b.1926) ကမူ “ယဉ်ကျေးမှုဆိုတာ လူသားတို့ရဲ့ ကိုယ့်အကြောင်း ကိုယ် ပြန်ပြောဖြစ်တဲ့ ပုံပြင်ဇာတ်လမ်းတွေကို စုပေါင်းထားခြင်းသာ ဖြစ်တယ်” ဟု ရိုးစင်းစွာ ဖွင့်ဆိုပါသည်။ တွေးယူလျှင် လူတွေဘယ်လိုတွေးသလဲ၊ လူတွေ ဘယ်လိုလေ့လာသင်ယူသလဲ၊ လူတွေဘယ်လိုရှင်သန်အသက်မွေးသလဲ၊ လူတွေဘယ်လိုထုတ်ဖော်ပြုမူသလဲ၊ လူတွေဘယ်လိုဖန်တီးစွမ်းဆောင်သလဲ ဆိုသည်များမှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ဆိုရလျှင် ဘုရားသခင်၏ ကောင်း ကင် နိုင်ငံမှစပြီး ထမင်းစား ရေသောက် အသက်ရှူသည့်ကိစ္စအထိ ယဉ်ကျေး မှုနှင့် တိုက်ရိုက်ပတ်သက်ပါသည်။
ယဉ်ကျေးမှုစက်ဝန်း
အမေရိကန် လူမှုမနုဿပညာရှင် Margaret Mead (1901-78)၏ အလိုအရ ‘ယဉ်ကျေးမှုဟူသည် လူ့အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) မျိုးနွယ် စုတစ်စု၏ (အတူတကွ)ထုံ ကူးလက်ခံထားသော အပြုအမူ ထုတ်ဖော်မှုများ ပင် ဖြစ်သည်။ လူ့အဖွဲ့အစည်းဝင်တို့၏ စိတ်တူကိုယ်တူ သဘောတူထားသည့် လူမှုဆောင်တာ ပြုမူနေထိုင်မှု သရုပ်သကန်ဟုလည်း ဆိုနိုင်သည်။
အနှီအဖွဲ့ ဝင်တို့ မည်သည့်ဖွဲ့စည်းပုံများအောက်တွင် နေထိုင်ကြသနည်း။ အထက်- အောက် ဒေါင်လိုက်ဖွဲ့စည်းပုံလား။ အလျားလိုက် အပြန့်အပြောဖွဲ့စည်းပုံလား။ စီးပွားထုတ်လုပ်ဆက်ဆံရေးအပိုင်း၌လည်း အမဲလိုက်စိုက်ပျိုးထွန်ယက်လား၊ ကုန်သွယ်ဖောက်ကား ဈေးကွက်စီးပွားရေးလား၊ ဆီမီးကွန်ဒက်တာနှင့် မို ဘိုင်း ဝန်ဆောင်မှုလား။ တစ်ဦးဆိုင် ဗဟိုကိုင်လား၊ ကွန်ရက်ပြန့် ကော်ပိုရေး ရှင်းလား။ မိသားစုစနစ်မှာရော ဖခင်အုပ်စိုးသလား၊ မိခင်ခန့်ခွဲသလား၊ ကိုယ့်လမ်းကိုယ် ဖောက် ကိုယ့်တာဝန် ကိုယ်ယူသလား။ ပညာရေးဘက်မှာရော
အတိတ်ကို သင်သလား၊ အနာဂတ်ကို တွေးသလား စသည့် နိုင်ငံရေးဖွဲ့စည်းပုံ၊ စီးပွားဆက်ဆံရေး၊မိသားစု၊လူမှုစနစ်၊ ပညာရေး၊ ဘာသာယုံကြည်မှုအသီးသီးကို ယဉ် ကျေးမှုဖြင့် ဆက်စပ်ရှင်းပြသည်။ ယင်းကို ပညာရှင်များက Culture Circle ဟု ဆိုသည်။
Culture Circle ဟူသည် ယဉ်ကျေးမှုအဝန်းကြီးနှင့် ယင်းကိုတည်မှီ လည်ပတ်နေသည့် အခြားသော လူမှုရေးရာ နယ်ပယ်များ၏ အစပ်အဟပ်ကို ဆိုလိုခြင်းဖြစ်သည်။ ယင်းတွင်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်း ပညာ၊ လူမှုဆက်ဆံရေး၊ ကျင့်ဝတ်ဘာသာရေး၊ စာပေအနုပညာစသည့် နယ်ပယ်ကြီး ၇ ရပ် ပါဝင်ပါသည်။ ယင်းနယ်ပယ်အသီးသီးတွင် သူ့သဘောသူ ဆောင်သော သီးခြား Function များရှိသလို အခြားနယ်ပယ်များနှင့်လည်း ယဉ်ကျေးမှုအဝန်းအတွင်း ဆက်စပ် အကျုံးဝင်လျက်ရှိသည်။
ဆိုလိုသည်မှာ စီးပွားရေးသက်သက်၊ နိုင်ငံရေးသက်သက်လုပ်မရ။ ပညာသက်သက်၊ ကျင့်- ဝတ် သက်သက် လုပ်မရ။ ယဉ်ကျေးမှု အနှစ်အသားကိုလည်း ခြွင်းချန်၍ မဖြစ်။ သည့်အတွက် ယနေ့ပညာရှင်များက လူမှုနိုင်ငံရေးနှင့် ပညာစီးပွားရေးပြဿနာ ရပ်များကို လက်တွေ့ဖြေရှင်းသည့် နေရာမှာလည်း ယဉ်ကျေးမှုရေးရာများကို မှန်မှန်ကန်ကန် ချဉ်းကပ်သုံးသပ်ဖို့ အကြံပြုကြသည်။
ဥပမာ- အရှေ့အဖွဲ့အစည်းများ၌ စီးပွားရေး စွန့်ဦးတီထွင်မှုနှင့် တစ် ဦးချင်း စွန့်စားလိုမှု နည်းပါးရခြင်းမှာ ယဉ်ကျေးမှုနှင့် လူမှုဖွဲ့စည်းပုံ နောက် ခံကြောင့်ဟု ထောက်ပြကြသည်။ အာရှ၏ ဖခင်အုပ်စိုးမှုနှင့် ထက်-အောက် ဖွဲ့စည်းပုံများက စီးပွားဆက်ဆံရေးအပေါ်မှာ လွှမ်းမိုးသက်ရောက်မှုရှိသည့် သဘောဖြစ်သည်။ အရှေ့သားစိတ်ဓာတ်ကလည်း မိမိဝန်းကျင်မှာသာ ပတ် ခွေချင်သည်။ မိမိဥခွံလေးအတွင်းမှာပင် ရေလိုက်ငါးလိုက် သဘောခွေ့တတ် သည်။
သည့်အတွက် ပုဂ္ဂလဝါဒနှင့် လစ်ဘရယ်ဆက်ဆံရေးတို့က အရှေ့တွင် အနောက်လောက် ခေတ်မစား။ အနောက်ယဉ်ကျေးမှုနောက်ခံက လူတစ်ဦး ချင်းစီကို ဂုဏ်တင်အလေးပေးသည်။ Individualism နှင့် Free Compe- tition ကျောထောက်နောက်ခံပြုကာ စီးပွားရေးကို မောင်းနှင်သည်။
(ဆက်လက်ဖော်ပြပါမည်။)
သူရိန်ထက်လင်း
(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
The Tanintharyi Times
