ပဟေဠိတွေနဲ့ မွန်ပြည်သစ် စစ်မျက်နှာ

ပဟေဠိတွေနဲ့ မွန်ပြည်သစ် စစ်မျက်နှာ

“သင်္ကြန်ပြန်မလာနဲ့တော့။ မွန်တပ်က စစ်တိုက်တော့မယ်။ နိုင်ငံရေးအခြေအနေက ဘယ်သူမှ မသိနိုင်ဘူး။ နင်တို့ ဟိုမှာပဲ နေလိုက်ဦး”

အိမ်ရှေ့ အိမ်နောက် ခေါက်တောက်ခေါက်ပြန်လျှောက်ရင်း ထိုင်းမှာ ရှိနေတဲ့ သူ့ရဲ့မိသားစုကို ကိုဥာဏ်တယောက် တယ်လီဖုန်းနဲ့ လှမ်းပြောနေတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက နွေဦးတော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ စစ်ကြေညာလိုက်အပြီးမှာ အသက်လတ်ပိုင်းအရွယ်ရှိ ကိုဥာဏ်ဟာ သူတို့နေထိုင်ရာ မွန်ဒေသတွင်းရှိ ကျေးရွာတွေမှာ စစ်ပွဲတွေ ဖြစ်လာတော့မယ်လို့ တွက်ဆထားပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းလောက်က မွန်ပြည်သစ်ပါတီဆီ စစ်သင်တန်းသွားတက်ထားတဲ့ အသက် ၃၀ အရွယ် မင်းရော့ဒ်ကလည်း “တကယ်တိုက်ပြီဆိုရင် မွန်ပြည်သစ်ဆီ ပြန်သွားမယ်”လို့ ပြောပါတယ်။

နှစ် ၇၀ ကျော်အတွေ့အကြုံရှိတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ရပ်တည်လာတဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်တော့မယ်လို့ ပြီးခဲ့တဲ့ ချစ်သူများနေ့ Valentine Day ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒီစစ်ကြေညာမှုရဲ့ ထူးခြားချက်ကတော့ ပါတီတစုံလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။

ပါတီကို အဓိက တာဝန်ယူထားကြသူတွေထဲက ဥက္ကဌက တစ်ဖက်၊ အထွေထွေအတွင်းရေးမှူးက တစ်ဖက် ပါတီနှစ်ခြမ်းဖြစ်သွားကာ တဖက်က တိုက်မယ်၊ တဖက်က မတိုက်ဘူး ဆိုတဲ့ အခင်းအကျင်းမျိုးကို ချပြလာခဲ့ပါတယ်။

စစ်အာဏာသိမ်းကြိုးစားမှုကာလအလျှောက်လုံး မွန်ပြည်သစ်ပါတီဟာ စားပွဲခုံပေါ် တွေ့ဆုံဆွေးနွေးရေးမူကိုသာ လက်ကိုင်ထားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံ အဖြေရှာဖို့ မဖြစ်နိုင်တော့ပါလို့ ပါတီတစ်ခြမ်းက ပြောလိုက်ပါတယ်။

အဲ့ဒီလို ပြောလာသူတွေက ပါတီ အထွေထွေအတွင်းရေမှူး နိုင်ဇေယျ ဦးဆောင်တဲ့ အစုအဖွဲ့ကပါ။

နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်၊ နိုင်ဗညားလယ်က ဒုခေါင်းဆောင်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော စတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ ယုံကြည်ချက် ရပ်တည်ချက်တူတဲ့ ပါတီဝင်တွေက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မိခင်ပါတီနဲ့ မတူညီတဲ့ တိုက်ခိုက်ရေးနည်းနာအတိုင်း ဆက်လျှောက်မယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ကို မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ New Mon State Party (Anti-military Dictatorship) - NMSP-AD လို့ အမည်နာမတပ်ပြီး စစ်ကြေညာလိုက်အပြီးမှာ မွန်ပြည်သူတွေအကြား ပြင်းထန်တဲ့ နိုင်ငံရေး ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

မွန်ပြည်သူတွေဟာ ပါတီလှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေသလို အခုလိုကြေညာလိုက်တဲ့အပေါ် ပြည်သူအများစု နှစ်ထောင်းအားရကြတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ရှုမြင်ပါတယ်။

“တတိုင်းပြည်လုံး တော်လှန်နေတဲ့ အချိန်မှာ မွန်ပြည်သစ်ပါတီက စစ်ကောင်စီက ဖိတ်ခေါ်တိုင်းသွားနေတဲ့အပေါ်၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့အပေါ်မှာ အတော်လေး မကျေမနပ် မချိမရဲ ဖြစ်ခဲ့တာတွေ ရှိပေမယ့် အခုလို ခွဲထွက်တဲ့အခါကျတော့ တခဲနက်ကြိုဆိုကြတာ တွေ့ရတယ်ခင်ဗျ” လို့ နိုင်နဂါးက ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ နွေဦးတော်လှန်ရေးအတူ ပေါက်ဖွားလာတဲ့ မွန်လူမျိုးစုအခြေပြု တော်လှန်ရေးတပ်တစ်တပ်ပါ။ မွန်နဲ့ တနင်္သာရီဒေသ ကြားမှာရှိနေကြတဲ့ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ အလားအလာကောင်းနေတဲ့ တပ်တစ်တပ်လည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ်လို့ ရွေးချယ်လိုက်အပြီးမှာ သူတို့ရဲ့လှုပ်ရှားမှုအားလုံးကို ပါတီပြန်ကြားရေးစာမျက်နှာမှာ မွန်ဘာသာနဲ့သာ ထုတ်ပြန်လေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သတင်းဌာနတွေနဲ့လည်း ခပ်ခွာခွာနေလိုက်တာကြောင့် NMSP ပေါ် လူထုအကြား ထိတွေ့ ပြောဆိုမှုတွေ နည်းလာခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကော်မတီဝင် မိကွန်းချမ်းနွန်ကတော့ မွန်ပြည်သစ်ပါတီရဲ့ တော်လှန်ရေးသက်တမ်းအရ လူထုထောက်ခံမှု အားကောင်းနေဆဲဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။

“ပြည်သူတွေအတွက် လွတ်မြောက်ရေးလုပ်ခဲ့တဲ့ အချိန်အခါ ကာလအရဆိုရင် အခုလက်ရှိရေချိန်မှာဆိုရင်တော့ မွန်ပြည်သူတော်တော်များများကတော့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အပေါ် စိတ်ဝင်စားပြီးတော့ ထောက်ခံမှု ထောက်ပံ့မှုတွေ ပေးနေတာကို ကျမတို့ မြင်နေရပါတယ်ရှင့်” လို့ မိကွန်းချမ်းနွန်က ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ မွန်ဒေသအတွင်း နိုင်ငံရေးဦးဆောင်အင်အားစုအဖြစ် ရပ်တည်ကာ ပြည်သူတွေအကြား အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နိုင်ရေး ကြိုးပမ်းနေသလို မွန်ပြည်ကာကွယ်ရေးတပ် MSRF ရဲ့ ဦးဆောင်အဖွဲ့လည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာတို့ဘက်ကတော့ ခွဲထွက်သွားသူတွေ မိခင်ပါတီဆီ ပြန်လာနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောလာပါတယ်။

ခွဲထွက်သွားသူတွေဟာ ပြီးခဲ့တဲ့လ ပါတီဗဟိုညီလာခံ ကျင်းပစဉ်မှာ နိုင်ငံရေးမဆွေးနွေးပေမယ့် စစ်ကောင်စီနဲ့ အဆက်အဆံမဖြတ်သင့်ဘူးဆိုတဲ့ဘက်က အားသာသွားတာကြောင့် သူတို့လက်မခံတာ ဖြစ်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအမည်ခံ ခွဲထွက်သွားတာလို့ နိုင်ဟံသာတို့ဘက်က ဆိုပါတယ်။

ပါတီအတွင်း ဘက်နှစ်ဖက်ကွဲပြီး ထုတ်ပြန်ချက် ထွက်လာတာ အခုဆို တစ်ပတ်နီးပါးရှိလာပြီ ဖြစ်ပေမဲ့ နိုင်ဟံသာတို့ဘက်ရော နိုင်ဗညားလယ်တို့ဘက်ပါ လှုပ်ရှားမှုတွေ မတွေ့ရသေးပါဘူး။

ဒါကြောင့် တချို့သောမွန်လူမျိုးတွေက ဒါဟာ ပါတီတွင်း စစ်ရေးဗျူဟာတရပ်လို့ သုံးသပ်နေကြသလို လုံခြုံရေးအရ အကာအကွယ်ပေးမှုလား ရန်သူကို အမှန်တကယ် တိုက်ခိုက်ချေမှုန်းမှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ပြည်တွင်းမှာနေထိုင်နေဆဲ အသက် ၃၀ ဝန်းကျင် မွန်အမျိုးသမီးတစ်ဦးကတော့ “စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ တိုက်ပွဲဆင်နွှဲတာ မတွေ့ရတဲ့အတွက် တဖက်မှာ မွန်လူထုတွေကို တော်လှန်ရေးစိတ်ပြေစေရုံ ကြေညာချက်မဖြစ်ဖို့ လိုပါတယ်။ AA တို့လို စခန်းသိမ်းတိုက်ပွဲကနေ မြို့သိမ်းတိုက်ပွဲအထိ ဆင်နွှဲစေချင်တယ်” လို့ သူ့မျှော်လင့်ချက်ကို ပြောပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာပြီး စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ မွန်တော်လှန်ရေးတပ်အသစ်တွေဟာ အခု ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ တစ်ဖွဲ့ထက်မက ရှိပါတယ်။ အဲဒီတပ်တွေက မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA ၊ ရာမညကာကွယ်ရေးတပ် Rehmonnya Defence Force စတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

အဲ့ဒီတပ်တွေထဲက MSDF နဲ့ MLA တို့ကတော့ မွန်ပြည်သစ်ပါတီဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်လာတာကို ဂုဏ်ပြုကြိုဆိုကြောင်းနဲ့ မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြပါတယ်။

မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA ကတော့ ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဆီမှ စစ်သင်တန်း သွားရောက်သင်ယူနေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီတပ်ဟာ မွန်ပြည်သစ်က ခွဲထွက်သူတွေက ဦးဆောင်တဲ့တပ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မွန်ပြည်သစ် ခွဲထွက်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ပြန့်ကျဲနေတဲ့ မွန်တော်လှန်ရေးအင်အားစုတွေကို အနည်းဆုံး ချိတ်ဆက်ကွပ်ကဲမှု Join to Command အဖြစ် စုစည်းနိုင်ဖို့က သူတို့ပန်းတိုင် ဖြစ်နိုင်တယ်လို့ ယူဆပေမယ့် လက်ရှိအချိန်အထိ သူတို့ရဲ့ စစ်ရေးပစ်မှတ်ကို မတွက်ဆနိုင်သေးဘူးလို့ ဆိုပါတယ်။

“သူတို့လည်း ကြားထားမှာပေါ့။ NUG တို့ ဦးဆောင်ပြီး မြို့သိမ်းမယ်ဆိုတာမျိုး။ တခြား EAO တွေ ပါလာမှာမျိုး ဆိုတော့ သူတို့ မွန်နယ်မြေကို ထိန်းချုပ်ချင်တာမျိုးလည်း ဖြစ်နိုင်သလို အရေးအကြီးဆုံးက သူတို့ပြောထားတဲ့ ထုတ်ပြန်ချက်တွေနဲ့ပဲ ပြီးသွားမလား၊ တကယ်ပစ်ခတ်တိုက်ခိုက်မလားဆိုတာပဲ ပိုစိတ်ဝင်စားကြပါတယ်” လို့ မွန်နိုင်ငံရေး လေ့လာသုံးသပ်သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေဖိအားဖြစ်ပေါ်နေချိန်မှာ အခုလို စစ်ကြေညာလိုက်တာက မွန်လူငယ်တွေအတွက် အချိန်အခါကောင်းတရပ်ဖြစ်တယ်လို့ အဆိုပါနိုင်ငံရေး‌ လေ့လာသုံးသပ်သူက ရှုမြင်ပါတယ်။

“NCA လမ်းကြောင်းအတိုင်း သွားနေတဲ့ RCSS (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) တောင်မှ အခု ရှမ်းလူငယ်တွေအကြား စည်းရုံးရေးဆင်းနေပြီ။ ပြောချင်တာက ကိုယ်စီ ပြင်ဆင်နေကြတယ်။ ပြောစရာက ပစ်မှာလား မပစ်ဘူးလားပဲ။ ပစ်ရင်တော့ ကောင်းတာပေါ့၊ မပစ်ရင် မထူးဘူးလေနော်”လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးတစိတ်တဒေသကို ထမ်းဆောင်နေသူ မွန်အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီပေးတဲ့ ကွက်ကြားမိုး ရွှေရည်စိမ် လွတ်မြောက်ရေးကို မသာယာစေချင်တော့ဘူးလို့ မွန်ပြည်သစ်ကို စကားပါးထားပါတယ်။

ခွဲထွက်ပါတီရဲ့ စစ်ရေးအခြေအနေ ပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေဟာ စစ်ရေးတွေ အရှိန်မြင့်လာမှာ မြေကြီးလက်ခတ်မလွဲဘူးလို့ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့ဦးဆောင်သူတွေက တပ်အပ်ပြောဆိုနေကြပါပြီ။

မွန်ပြည်တော်လှန်ရေးတပ် ပြောခွင့်ရ နိုင်နဂါးကလည်း “တိုက်ပွဲ‌တွေ ပြင်းထန်လာတာနဲ့အမျှ ပြည်သူအိုးအိမ်တွေ ဆုံးရှုံးတာလည်း ရှိလာနိုင်တယ်။ မလိုအပ်ဘဲ ခရီးမသွားလာကြဖို့၊ စစ်ကောင်စီ စစ်စခန်းပဲ မဟုတ်ဘဲနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်စခန်းကနေ အမြန်ဆုံး ပြောင်းရွှေ့ကြဖို့။ ဖြစ်နိုင်ရင် ဗုံးခိုကျင်းတွေ အခြေခံစားသောက်ကုန်တွေကို စုဆောင်းထားဖို့၊ တိုက်ပွဲကြီးတွေ ဖြစ်လာရင် ဆောင်ရန်ရှောင်ရန်ဆိုတဲ့အချက်တွေကို လေ့လာပြီး လိုက်နာရင် ဆုံးရှုံးမှုနည်းမယ်လို့ ပြောချင်ပါတယ်” လို့ သတိပေးပြောဆိုထားပါတယ်။

နှစ်ခြမ်းကွဲသွားတဲ့ မွန်ပြည်သစ်ပါတီ၊ ခွဲထွက်ရေးဘက်က စစ်ကြေညာလိုက်ပေမယ့် စစ်တိုက်မလား မတိုက်ဘူးလားဆိုတာကို မွန်ပြည်သူအကြား စိတ်ဝင်တစားစောင့်ကြည့်နေဆဲ ကာလမှာ လူပျိုလူလွတ်ဖြစ်တဲ့ မင်းရော့ဒ်တို့ကတော့ မွန်ပြည်သစ်စစ်တပ်ထဲ ဝင်ဖို့ ပြင်ဆင်နေသလို ကိုဥာဏ်တို့လို ဖခင်တွေကလည်း ကလေးတွေနဲ့ မိသားစုအတွက် ရတတ်မအေး ရှိနေပါပြီ။

အမည်နာမအသစ်နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကတော့ ချစ်သူများနေ့ကနေ အခုချိန်အထိ မြေပြင်တိုက်ပွဲခေါ်သံတွေ တိတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကွန်းဟဒေ့

The Tanintharyi Times