ထားဝယ်က စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၆ စီးထက်မနည်းပျက်စီး၊ စစ်ကောင်စီတပ်သားအများအပြားသေဆုံး

ထားဝယ်က စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၆ စီးထက်မနည်းပျက်စီး၊ စစ်ကောင်စီတပ်သားအများအပြားသေဆုံး

ထားဝယ်မြိုနယ်၊ အရှေ့တောဒေသက စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ကား ၆ စီးထက်မနည်းပျက်စီးပြီး အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေ ဆီကသိရပါတယ်။

ထားဝယ်-ထီးခီးလမ်းအတိုင်း ကား ၁၇ စီး၊ အင်အား ၃၀၀ လောက်နဲ့ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ မနေ့က ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ တနေကုန်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံနဲ့ ရုပ်သံတချို့မှာတော့ ပျက်စီးနေတဲ့စစ်ကောင်စီကား ၆ စီး၊ သေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်း ၁၈ လောင်းထက်မနည်းနဲ့ တော်လှန်ရေးတပ်တွေသိမ်းမိထားတဲ့ လက်နက်ခဲယမ်းအများအပြားကို တွေ့ရပါတယ်။

တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက​ တိုက်ပွဲအတွင်း စစ်ကောင်စီကားတွေပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေထပ်ရှိနိုင်ပြီး အခုမနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေတုန်းပဲလို့ ဆိုပါတယ်။

“ကားတွေသိမ်းမိတဲ့နေရာရဲ့ အရှေ့မှာလည်း တိုက်ပွဲထပ်ဖြစ်နေတာရှိသေးတယ်။ အခုထိ မငြိမ်သေးပါဘူး” လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဒီနေ့မနက်ပိုင်းမှာပြောပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ကနဦးသိရပါတယ်။

ဒီနေ့မနက်မှာတော့ စစ်ကောင်စီယာဥ်တန်းမှာပါတဲ့ ကားတချို့ဟာ ထားဝယ်-ထီးခီးလမ်းပေါ်က ကျောက်မဲတောင်နယ်မြေရဲစခန်းကိုရောက်ရှိနေပြီလို့ မြေပြင်မှာရှိနေတဲ့တော်လှန်ရေးရဲဘော်တွေရဲ့​​​ပြောပြချက်အရ သိရပါတယ်။

မနေ့က နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေချိန် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ စစ်ကောင်စီတပ်က MI – 2 ရဟတ်ယာဥ်နဲ့ ဝကုန်းရွာတစ်ဝိုက်ကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အခုတိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဥ်တန်းဟာ အခုလ ၁၇ ရက်နေ့ကစပြီး လမ်းတလျှောက်မှာ ရက်ဆက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အရှေ့တောဒေသကိုဝင်လာတဲ့ စစ်ကောင်စီယာဥ်တန်းတွေကို တော်လှန်ရေးတပ်တွေက မကြာခဏတိုက်ခိုက်ခဲ့ဖူးပေမဲ့ အခုလိုကားတွေပျက်စီးပြီး လက်နက်တွေသိမ်းမိခဲ့တဲ့ဖြစ်စဥ်ကတော့ အခုပထမဆုံးအကြိမ် ဖြစ်ပါတယ်။

The Tanintharyi Times