သာယာဝတီထောင် အာဏာပိုင်တွေ နိုင်/ကျဉ်းတွေဆီ က ငွေကြေးကောက်ခံမှုအလွန်အကျွံလုပ်ဆောင်နေ
သာယာဝတီထောင် အာဏာပိုင်တွေ နိုင်/ကျဉ်းတွေဆီ က ငွေကြေးကောက်ခံမှုအလွန်အကျွံလုပ်ဆောင်နေ
သာယာဝတီအကျဉ်းထောင်က ထောင်ပိုင် အပါအဝင် အကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဆီမှာ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဥ်သားတွေဆီကနေ မတရားငွေကြေးတောင်းခံပြီး ထောင်တွင်းကိုယ်ကြိုးစီးပွားရှာဖွေမြှ အလွန်အကျွံလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
သာယာဝတီအကျဉ်းထောင် ထောင်ပိုင် ရဲရင့်နိုင် ဆိုသူဟာ အဆမတန်ဈေးတင်ထားတဲ့ သူ့ရဲ့ စားသောက်ကုန်တွေကိုပဲ ဝယ်ယူဖို့ ဖိအားပေးနေပြီး မဝယ်ယူတဲ့သူတွေကို တိုက်ပိတ် ခြေချင်းခတ်တဲ့အထိ အရေးယူတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တနင်္သာရီတိုင်မ်းကို ပြောပါတယ်။
“မြင်သာအောင်ပြောရမယ့် ကိစ္စတွေဆိုရင် ထောင်တွင်းမှာ ကွမ်းယာရောင်းချမှုမှာ သူ့ဆီက ဝယ်စားရတယ်၊ အယာ ၂၀ ပါတဲ့ ကွမ်းတထုပ်ကို မြန်မာကျပ်ငွေ ၁ သောင်းအထိ ဝယ်စားနေကြရတဲ့ အခြေအနေဖြစ်တယ်၊ ဒီဟာ မတန်တဆကြောင့်မို့လို့ မစားဘဲ ပြင်ပကနေ ဝယ်ယူစားသောက်ဖို့ ကြိုးစားကြတဲ့သူတွေကိုဆိုရင် တရားမဝင်ပစ္စည်းတင်သွင်းတယ် ဆိုပြီး တိုက်ပိတ်တာမျိုး ခြေချင်းခတ်အရေးယူခဲ့တာမျိုးတွေ ကျနော်တို့ ပြန်ကြားသိရတာပေါ့နော်” လို့ ကိုသိုက်ထွန်ဦးက ပြောပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ထောင်ဝင်စာပို့တာကိုလည်း ကန့်သတ်ထားပြီး ဟင်းတွေကအစ ထောင်ပိုင်က မဝယ်မနေရသဘောမျိုးနဲ့ ရောင်းချနေတာကြောင့် အကျဉ်းသားတွေကလည်း အစားအသောက်ကျပ်တည်းနေတဲ့ အခြေအနေမှာ ဈေးကြီးပေးကာ ဝယ်စားနေရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေကို ထောင်တွင်း အလုပ်ကြမ်း ခိုင်းစေနေတာတွေလည်း ရှိပြီး မလုပ်ကြမ်းမလုပ်ချင်ရင်တော့ နိုင်/ကျဉ်း ၁ ဦးကို ငွေကျပ် ၁ သိန်းခွဲအထိ ပေးနေရပါတယ်။
“အဆောင်မှူး ကျော်ဇင်လတ်တို့ အပါအဝင် တခြားအဆောင်မှူးတွေနဲ့ စနစ်တကျကိုမှ သူတို့စီစဉ်ပြီးမှ အလုပ်မလုပ်ချင်ရင် တဦးလျှင် မြန်မာကျပ်ငွေ ၁ သိန်းခွဲ ပေးရမယ်ဆိုတဲ့ တောင်းနေတဲ့ငွေကြေးပါ၊ အဓိက သူတို့ စီးပွားရေး ဈေးကွက်တခုကို ဖန်တီးနေပါတယ်၊ တချို့ပြည်ပရောက်သွားတဲ့ မိသားစုဝင်တွေပဲ ဖြစ်ဖြစ် ပြည်တွင်းထဲမှာပဲ စစ်ဘေးရှောင်နေရတာ ဖြစ်ဖြစ် သားသမီးကို ပုံမှန်ပါဆယ် မပို့နိုင်တဲ့သူတွေ ငွေကြေးမပို့နိုင်တဲ့သူတွေဆိုရင် အကျဉ်းထောင်ထဲမှာ အလုပ်ကြမ်းတွေ လုပ်ကြရတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင်က ဆိုပါတယ်။
နိုင်/ကျဉ်းတွေဆီကို ငွေကြေးတောင်းခံနေသူ အကျဉ်းထောင် အဆောင်မှူး ကျော်ဇင်လတ်ဟာ ပြီးခဲ့တဲ့ မေလက သူသင်တန်းတက်ဖို့ဆိုပြီး အကျဉ်းသားတွေဆီကနေ တခန်းကို ကျပ် ၅ သောင်းနှုန်းနဲ့ ငွေကြေးကောက်ခံခဲ့သေးတယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အများစုပါတဲ့ အကျဉ်းသား ၃၀၀ ဦးကို သာယာဝတီအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်ပြီးနောက် သာယာဝတီထောင်၊ ထောင်ဗူးဝမှာပင် နိုင်/ကျဉ်းတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ပါတယ်။
အဆိုပါ ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ကျာ်တို့ဟာ ဦးခေါင်းနဲ့ တခြားနေရာတွေမှာ ဒဏ်ရာရရှိခဲ့ပြီး တချို့နိုင်/ကျဉ်းတွေကို တစ်လကျော်ကြာတဲ့အထိ ခြေချင်းဒေါက်ခတ်ထားခဲ့ပါတယ်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အင်းစိန်ထောင်ပိုင်ရဲ့ မှတ်ချက်နဲ့ Black List သွင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ခြေချင်းဒေါက်ခတ်ကာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရိုက်နှက်ခံထားရသူတွေဟာ ဒဏ်ရာသက်သာလာကြပေမယ့် အမည်ပျက်စာရင်းသွင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ သာယာဝတီအကျဉ်းထောင် တိုက်ထဲမှာ တိုက်ပိတ်ခံထားရဆဲ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
သာယာဝတီအကျဉ်းထောင် အာဏာပိုင်တွေဟာ အကျဉ်းသားတွေကို ခတ်တဲ့ သော့ခလောက် သံချေးတက်နေလို့ သော့ခလောက်ဝယ်ယူတာ အစ အကျဉ်းသားတွေဆီက ငွေကြေးကောက်ခံနေပြီး နိုင်/ကျဉ်းတွေကို အကျဉ်းထောင် အိမ်သာ၊ ရေချိုးကန်တွေ သန့်ရှင်းရေးလုပ်ခိုင်းနေတာတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ဒီလို လုပ်ခိုင်းတဲ့ အခြေအနေမှာလည်း နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေဟာ အရိုက်နှက်ခံ အဖိနှိပ်ခံကာ ထောင်ရဲ့ ခိုင်းစေမှုတွေကို မလုပ်တာမျိုး၊ ထောင်တွင်းအမိန့်အာဏာတွေကို ဖီဆန်တာမျိုးတွေ လက်ရှိအချိန်အထိ လုပ်ဆောင်နေကြဆဲ ဖြစ်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးဆီကနေ သိရပါတယ်။
The Tanintharyi Times