ပြန်ဆုံရင် လူမစုံနိုင်တော့ဘူး

ပြန်ဆုံရင် လူမစုံနိုင်တော့ဘူး

ဗာဒံပင်လေးသို့ ပေးစာ- ၄

ဗာဒံပင်လေးရေ..

မင်းတို့ဆီမှာ မိုးတစ်အားရွာနေတယ် ကြားမိပါရဲ့။

အိမ်ရှေ့လမ်းကျင်းလေးမှာ ကလေးတွေ မိုးရေထဲ ဘောလုံးထွက်ကန် ရကြရဲ့လား။

သူတို့ခမျာ ဘောလုံးမှ ကန်တတ်ကြသေးရဲ့လားမသိ။ ကျောင်းတွေ ပိတ်ထားလို့ ကျောင်းဘောလုံးကွင်းလည်း ပိတ်။

နောက်ပြီး ရွာဘောလုံးကွင်းကြီးလည်း မျက်

ရိုင်းတွေ အပြိုင်းအရိုင်းထလို့တဲ့။

တချိန်က မိုးတွင်းဆို အသံချဲ့စက်သံတညံညံနဲ့ ကျင်းပခဲ့တဲ့ ရွာဘောလုံးပွဲလည်း မရှိနဲ့။ ငါကတော့ ဒီလို မိုးရာသီဆို ရွာဘောလုံးပွဲတွေကို လွမ်းတသသပေါ့။

ဒီလက ဝါခေါင်လဆိုတော့ ကျေးရွာအုပ်စုဖလားပွဲကျင်းပတဲ့လလေ။

ဗာဒံပင်လေးရေ..

ငါတို့ဒေသမှာ မိုးရာသီစတာနဲ့ ရွာဘောလုံးကွင်းမှာ ခြေသွေးကြ။ ကိုယ့်ရွာတွင်းမှာပဲ အသင်း လေးသင်းလောက်ခွဲပြီး ရွာဖလားပွဲ ကျင်းပကြ။

အဲဒီပွဲမှာပဲ ရွာလက်ရွေးစင်အသင်းအတွက် လူရွေးကြတာကိုး။ ပြီးမှ ကျေးရွာအုပ်စုဖလားပွဲ ကျင်းပ၊ မြို့နယ်ပွဲအတွက် လူထပ်ရွေးပြီး မြို့နယ်မှာ သွားပြိုင်ကြတာကိုး။

ကိုယ့်ရွာတွင်း အသင်းခွဲကန်တော့ ငါပါတဲ့ ရွာအိုးစတား(Old Star)အသင်းက ဗိုက်ကြီးသည် လူလတ်ပိုင်းတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဆိုတော့ အိမ်ဖြည့်အသင်း ဆိုပါတော့။

ရွာတွင်းဖလားပွဲမှာ ငါတို့အိုးစတား(Old Star)က ဖလားရဖို့ မပြောနဲ့၊ အုပ်စုက ထွက်ရတာချည်းပါပဲ။ ဒါပေမယ့် ပျော်ကြရတယ်လေ။ အခြားရွာတွေမှာ အိမ်ထောင်ကျတဲ့ကောင်တွေက အဲဒီဘောပွဲနေ့တွေဆို အရောက်လာကြ၊ ဝင်ကန်ကြပေါ့။

ဘောပွဲပြီးရင် မိုးရေထဲထိုင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကွင်းတွင်းကွင်းပြင်က ငယ်ကျိုးငယ်နာတွေဖော်ပြီး ထိုင်ငြင်းကြပေါ့။

မိုးရေထဲ ကလေးတွေလို ပျော်ပျော်ပါးပါး ရန်သတ်ကြနဲ့ တစ်နှစ်မှတစ်ခါရတဲ့ အခွင့်အရေးပေါ့လေ။

ဗာဒံပင်လေးရေ..

ငါတို့ရဲ့ ရွာချစ်စိတ်၊ ဒေသချစ်စိတ်တွေက ဘောလုံးပွဲတွေမှာ ပေါ်တယ်ကွ။

ငါတို့ရွာနဲ့ ဘေးရွာ ကန်ရင် ငါတို့ရွာအသင်းကို အားပေးလိုက်တာများ ဘေးရွာကကောင်တွေနဲ့ ထိုးရကြိတ်ရတဲ့ အထိ။

မိန်းမတွေက ပိုဆိုးသေး။ မကျေနပ်ရင် ပါတဲ့ ထီးတွေ၊ ခမောက်တွေ ရိုက်ဖျက်ကြ။ အချို့ဆို ထမီ စလွယ်သိုင်းပြီး ရန်ဖြစ်ဖို့ ဘောင်းဘီတိုကို အသင့်ဝတ်လာကြတာ မျိုးရယ်။

အဲ..၊

လေးငါးရွာပေါင်းပြီး မြို့နယ်မှာ သွားကန်ပြီဆိုရင် ခုနကရန်ဖြစ်ကြတဲ့ ရွာသူရွာသားတွေအချင်းချင်း စည်းလုံးနေလိုက်ကြတာ “မင်းတို့ကို ထိရင် မီးပွင့်သွားမယ်”ဆိုတာမျိုး။

သွေးတွေစည်းပြီး ပြိုင်ဘက်ကျေးရွာအုပ်စုက ပရိသတ်အုပ်စုနဲ့ ရန်တစ်စောင်စောင်ပေါ့လေ။

ခရိုင်အဆင့် ကန်တော့ မြို့နယ်သားတွေအချင်းချင်း စည်းရုံးနေလိုက်ကြတာ။ မြို့နယ်ပွဲတုန်းက ရန်သတ်ကြတာ သူတို့မဟုတ်တဲ့အတိုင်း။

ပြန်တွေးကြည့်တော့လည်း ချစ်စရာလေးတွေရယ်။

ဗာဒံပင်လေးရေ..

မိုးရာသီဘောလုံးပွဲတွေ မတိုင်ခင် လွမ်းစရာအကောင်းဆုံး၊ အလွတ်လပ်ဆုံးနဲ့၊ အပျော်ရွှင်ရဆုံး ဘောလုံးပွဲတစ်ခုနဲ့ ရှိလေရဲ့။ အဲဒါကတော့ ငါတို့ရွာနဲ့ လေးရွာကျော်က ရွာတစ်ရွာမှာနှစ်စဉ် ကျင်းပတဲ့ ဘောလုံးပွဲတစ်ခုပေါ့။

သူက ဝါဆိုလဆန်း ၁၄ ရက်နေ့၊ ဝါဝင်မယ့် အဖိတ်နေ့မှာ ကျင်းပတာ။

ငါတို့ဒေသတွင်း မိုးရာသီဘောလုံးပြိုင်ပွဲထဲက အစောဆုံး ဖိတ်ခေါ် ပြိုင်ပွဲတစ်ခုပေါ့။

အစမှာတော့ ရွာနီးစပ်က ဘောလုံးအသင်းတွေအားလုံး ဖိတ်ခေါ်တယ်ပေါ့။ နောက်ပိုင်းတော့ အဲဒီနေ့ကျရင် သူတို့ရွာမှာ ဖိတ်ခေါ်ဘောလုံးပွဲကျင်းပတာ အစဉ်အလာဖြစ်သွားပြီး ရွာတွေကလည်း အဲဒီပွဲကို ဖိတ်ဖိတ်၊ မဖိတ်ဖိတ် သွားကြတာပဲ။

သွားကြဆို အဲဒီပွဲ သွားတဲ့အသင်းမှန်သမျှ ဘောလုံးလည်းသေချာပေါက် ကန်ခွင့်ရသလို အစားအသောက်ကလည်း အလျှံပယ် ကျွေးတာကိုး။

ရွာခံတွေ စိတ်ကောင်းချက်ကတော့ အဲဒီပွဲနေ့ဆို ဝက်ပေါ်ပြီးသား။ ဘယ်အိမ်တက်စားစား အသင့်။

အစားတင်လားဆိုတော့ အသောက်ဖက်မှာလည်း ရိုးရာမီးတောက်က ရှယ်ကောင်း။

အဲဒီနေ့ဆို ရွာနီးစပ်အသင်းတွေက တောင်ကျော်လမ်းက ခြေကျင်ခေတ်ကနေ ဂျစ်ကားခေတ်၊ စက်ဘီးခေတ်၊ ထော်လာဂျီခေတ်ကနေ ကားခေတ်အထိ ရိုးရာမပျက် ပျော်ပျော် ချီတက်ခဲ့ကြပေါ့။

ဘယ်အသင်းဖြစ်ဖြစ် စာရင်းပေးပြီး ဝင်ကန်၊ အနိုင်အရှုံးကို ဦးစားမပေးဘဲ ပါဝင်ခွင့်ရရေးကို အလေးထားတဲ့ ရွာဘောလုံးလေး။

ခုတော့ အဲဒီရွာက ဘူဖေးဘောလုံးပွဲလေး ကျင်းပနိုင်သေးရဲ့လားမသိ။

ရွာသားတွေရော၊ ဘောလုံးကန်သူတွေပါ စစ်ကြောင်းဝင်လို့ ခဏခဏ ပြေးနေရတယ် ကြားတာပဲလေ။

ဗာဒံပင်လေးရေ..

ဒီဝါတွင်းမှာ ဥပုသ်နေ့တိုင်း ချိန်းကန်ကြတဲ့ ရွာဘောလုံးပွဲလေးတွေရော ရှိသေးရဲ့လား။ မြို့သား အသင်းတွေပါ လာလာကန်တဲ့ ဥပုသ်ဘောပွဲလေးတွေလေ။

ငါတို့ရွာမှာရော၊ ဘောလုံးပွဲတွေ ကျင်းပဖြစ်သေးရဲ့လားကွာ။

ဖေ့စ်ဘုတ်မှာ မီးစိမ်းနေတဲ့ရွာက ဘောလုံးချစ်တဲ့လူငယ်အတော်များများကတော့ ထိုင်းနဲ့ မလေးရှားတွေမှာချည်းပါလား ဗာဒံပင်လေးရေ။

နောက်ပြီးလေ၊ တစ်ချို့က တောနဲ့ တောင်မှာ။

အားလုံးက ရွာလွမ်းစိတ် ကိုယ်စီနဲ့။

ဗာဒံပင်လေးရေ..၊

ငါတို့ရဲ့ ရွာချစ်စိတ်၊ ဒေသချစ်စိတ်တွေကတော့ ပျောက်ပျက်မသွားပါဘူးကွာ။ ငါအပါအဝင် ငါတို့ရွာသားအားလုံးရဲ့ ခြေလှမ်းတွေက ရွာကိုလှမ်းနေပါတယ်။

နောက်လာမယ့် မိုးရာသီတစ်ခုခုမှာတော့ ငါတို့ရွာဘောလုံးပွဲတွေ ပြန်ကျင်းပခွင့် ရနိုင်ကောင်းပါရဲ့။

အဲဒီအခါမှ ရွာဘောလုံးကွင်းထဲ အသံချဲ့စက်အကျယ်ကြီးဖွင့်ပြီး ကကြမယ်လေ။

ငါတို့ ရွာအိုးစတား(Old Star)အသင်းလည်း ပြိုင်ပွဲ ပြန်ဝင်ကြမယ်။

ဒါပေမယ့် ဗာဒံပင်လေးရယ်၊ ငါတို့ ရွာအိုးစတား(Old Star)အသင်းမှာ လူမစုံနိုင်တော့ဘူး။

ဗလကောင်းကောင်းနဲ့ နောက်တန်းကန်တဲ့ အသားမဲမဲကောင်လည်း နွေဦးတိုက်ပွဲအစမှာပဲ ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားပြီ။

လူကပ်ကစားအားကောင်းတဲ့ အလည်တန်းလူ ကိုဂျပုလည်း ရွာကပြေးရပြီး မိသားစုစားဝတ်နေရေးအတွက် ငွေရှာရင်း မိုင်းတွင်းပြိုလို့ ဆုံးသွားပြီ။

အဲလိုပါပဲဗာဒံပင်လေးရေ၊

အချို့အသင်းတွေလည်း ပြန်ဆုံရင် လူမစုံနိုင်တော့ဘူးကွာ။

လုလင်

The Tanintharyi Times