ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်နေအိမ် မိုင်းဖောက်ခွဲခံရပြီးနောက် ရွာမှာတိုက်ပွဲဖြစ်
ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်နေအိမ် မိုင်းဖောက်ခွဲခံရပြီးနောက် ရွာမှာတိုက်ပွဲဖြစ်
တိုက်ပွဲအတွင်း အရပ်သားထိခိုက်၊ ဖမ်းဆီးခံရတာတွေရှိနေ
ပုလောမြို့နယ်၊ ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့နှစ်ဖက်ပစ်ခတ် အရပ်သားဖမ်းဆီးခံရတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၇ နာရီခန့်က PDF တွေခြေကုပ်ယူထားတဲ့နယ်မြေအနီးကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလ ၂၄ ရက်နေ့က ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦးရဲ့နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးပြီးနောက်မှာ စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက ဆိုပါတယ်။
“စစ်တပ်က မနေ့ညနေကတည်းကဝင်လာပြီး ဝါးတန်းဘုန်းကြီးကျောင်းမှာတစ်ညအိပ်လိုက်သေးတယ်။ ဒီနေ့မိုးလင်းမှာ ရှေ့ဆက်တိုးပြီးတိုက်ပွဲဖြစ်တာ။ ဆုတ်လိုက်တက်လိုက်နဲ့ တိုက်ပွဲရက်ရှည်မဖြစ်ဖို့ ဆုတောင်းနေရတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပြန်ဆုတ်ထားပြီး အရပ်သားသုံးဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပြည်တော်သာကနေ ပန်းအိုဘုန်းကြီးကျောင်းဝင်တဲ့အချိန်မှာ ဖမ်းသွားတာ။ သူတို့စားမယ့် ဆန်တွေ ဆီတွေ ရိက္ခာတွေပြန်လာဝယ်ခိုင်းနေတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရှပ်ပုံရွာ ဝါးတန်းရပ်ကွက်က ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးအထိုင်ချတပ်စွဲထားတာ တစ်နှစ်ကျော်ကြာပြီဖြစ်သလို ရွာရဲ့တဝက်ကိုလည်း PDF တွေဘက်က စိုးမိုးထားတာလည်း တစ်နှစ်လောက်ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံမှန်ဆိုရင် စစ်ကောင်စီတပ်ဘက်က ငြိမ်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပျူစောထီးအဖွဲ့ဝင်တွေနေအိမ်အနီး ကင်းလာလှည့်တာ၊ ဒရုန်းပစ်ခတ်တာနဲ့ အိမ်မိုင်းဖောက်ခွဲဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပြီး ပြည်သူတွေပြေးနေရတာလို့ ဒေသခံတွေက ထောက်ပြပါတယ်။
“တိုက်စရာရှိရင်လည်း အရှင်းတိုက်စေချင်တယ်။ မလုပ်ရင်လည်းမလုပ်နဲ့ ထိန်းထားမယ်ဆိုလည်းထိန်းထား။ အခုကပျူရပ်ကွက်အထိအင်အားလာပြ တို့ဆိတ်တို့ဆိတ်လာလုပ် ပြီးရင်သူတို့ထွက်သွား ရွာသားတွေက စစ်တပ်နဲ့နံပန်းလုံးပြီးကျန်ခဲ့ရတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရှပ်ပုံရွာထဲက ဒေသခံတွေအလုံးအရင်းနေရပ်စွန့်ခွာထွက်ပြေးနေရပြီး နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်တာကို မလိုချင်တာ သဘာ၀ပဲ။ ဒါပေမယ့် စကစ ရှိနေတဲ့နေရာကို pdf တွေ နေရာအစုံမှာ တနေ့မဟုတ်တနေ့လာလိမ့်မယ်။” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ထိခိုက်မှုနည်းစေဖို့ စစ်ကောင်စီတပ်ရှိတဲ့ပတ်၀န်းကျင်နဲ့ဝေးရာမှာပြောင်းရွှေ့နေထိုင်ကြဖို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေ ရက်ရှည်တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ထိခိုက်၊ သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေရှိခဲ့ပါတယ်။
ရှပ်ပုံရွာဟာ အိမ်ခြေ ၂၅၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ရေလုပ်ငန်းနဲ့အဓိကအသက်မွေးကြတဲ့ရွာ ဖြစ်ပါတယ်။
The Tanintharyi Times
