ဒိုက်ဦးနဲ့ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်နှိပ်စက်ခံရ

ဒိုက်ဦးနဲ့ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်နှိပ်စက်ခံရ

ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင် က နိုင်ငံရေးအကျဉ်းသားတွေ နဲ့ အကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ဧည့်တွေ့ကနေ ပါလာတဲ့ပစ္စည်း တွေဟာ တရားမဝင်ပစ္စည်းဆိုပြီး အကျဉ်းထောင်ဝန်ထမ်းတွေက အဆိုပါ နိုင်ငံရေး အကျဉ်းသူကို အမျိုးသမီးအဆောင်ကနေ လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

အကျဉ်းဦးစီးဝန်ထမ်း အမျိုးသား ၅၀ နဲ့ အမျိုးသမီးဝန်ထမ်း ၇ ဦးတို့ဟာ လေးခွ၊ ရာဘာတုတ်၊ ကျဉ်စက်တွေ ကိုင်ဆောင်ကာ အမျိုးသမီးအဆောင်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

အဲ့ဒီ နိုင်ငံရေးအကျဉ်းသူက ကောင်းမွန်စွာ လာခေါ်တာ မဟုတ်တဲ့အတွက် မလိုက်နိုင်ဘူးလို့ ငြင်းဆိုတဲ့အခါမှာ အမျိုးသမီးဝန်ထမ်း ၂ ပွင့်အရာရှိ စန်းနွယ်ဦး က နိုင်ငံရေးအကျဉ်းသူရဲ့ ဆံပင်ကို ဆွဲကာ ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသူကို ဥပဒေမဲ့ ခေါ်ဆောင်တဲ့အပေါ် လက်မခံနိုင်လို့ ကျန်နိုင်ငံရေးအကျဉ်းသူတွေကို ဝင်ရောက်ဖြေရှင်းလို့ ကြိုးစားတဲ့အခါမှာ ဝန်ထမ်းအင်အား ၅၀ လောက်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်နဲ့ လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း PPNM ဘက်က ပြောပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ ကျိုက်မရောနဲ့ အင်းစိန် အကျဉ်းထောင်တွေကနေ ပြောင်းရွှေ့ခံထားရသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းခံလိုက်ရတဲ့ နိုင်/ကျဉ်းတွေဟာလည်း ထောင်ဗူးဝမှာပင် ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။

ရိုက်မှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်တို့ဟာ ဦးခေါင်းနဲ့ အခြားနေရာတွေမှာ ဒဏ်ရာတွေ ရရှိခဲ့သလို အဆိုပါ ထောင်ပြောင်းလာသူတွေကို အချိန် တစ်လကျော်အထိ ခြေကျင်းဒေါက်ခတ်ထားတယ်လို့ ဆိုပါတယ်။

ထောင်ပြောင်းခံရတဲ့ အကျဉ်းသားတွေထဲက ထောင်အာဏာပိုင်တွေ Blacklist သွင်းထားတယ်ဆိုတဲ့ နိုင်/ကျဉ်း ၁၀ ဦးကျော်ကို ရိုက်နှက်ကာ တိုက်ပိတ် ခြေကျင်းဒေါက်ခတ်ထားတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရသူထဲမှာ နိုင်/ကျဉ်း အများစုပါ အကျဉ်းသား ၃၀၀ ရှိခဲ့ပြီး သူတို့ကို ရိုက်နှက်သူထဲမှာ သာယာဝတီထောင်ဝန်ထမ်း တပ်ကြပ် စိုးမင်း ဆိုသူ အဓိက ပါဝင်နေပါတယ်။

နိုင်/ကျဉ်းတွေကို လူသားလို့ သဘောမထားဘဲ လူ့အခွင့်အရေးချိုးဖောက်နေမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေ ထိုက်တန်တဲ့ တာဝန်ယူမှု တာဝန်ခံမှု ပေါ်ပေါက်လာတဲ့အထိ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ရဲ့ ထုတ်ပြန်မှာ ရေးသားထားပါတယ်။

The Tanintharyi Times