တနင်္သာရီနဲ့ ပုလောမြို့နယ် က စစ်ဘေးရှောင်တွေ ဆန်ပြတ်လပ်မှုကြုံတွေ့
တနင်္သာရီနဲ့ ပုလောမြို့နယ် က စစ်ဘေးရှောင်တွေ ဆန်ပြတ်လပ်မှုကြုံတွေ့
မြိတ်ခရိုင်ထဲက တနင်္သာရီနဲ့ ပုလောမြို့နယ်က က စစ်ရှောင်အတွက် ဆန်ပြတ်လပ်နေပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာဆိုရင် ခြောက်မိုင်၊ ထုံထော် အနီးတဝိုက်ကရွာတွေမှာ အခုလ ၂၆ ရက်နေ့ကတည်းက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီလိုအပ်နေတဲ့ အိမ်ထောင်စု ၁၈၃ စုနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
“လက်ရှိဆန် ခုနှစ်အိတ်စာတော့ အလှူခံထားတယ်။ ရှိလည်းရှိထားပြီ ဒီအရေအတွက် လေးရက်စာလောက်ပဲရမှာဗျ။” လို့ စစ်ရှောင်ကူညီနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖော်ပြထားတဲ့အိမ်ထောင်စုအရေအတွက်ဟာ စစ်ရှောင်ကူညီနေတဲ့အဖွဲ့တစ်ဖွဲ့တည်းဆီကရထားတဲ့ အရေအတွက်သာဖြစ်ပြီး နီးစပ်ရာခြံတွေထဲမှာ ရှောင်နေရတဲ့ အရပ်သားအရေအတွက်တွေ မပါသေးပါဘူး။
အလားတူ အခုလ ၁ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာအရှေ့ကမ်းက အရပ်သား ၉၃၈ ဦးထက်မနည်းလည်း ဒီကနေ့အထိ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ စုပေါင်းအားနဲ့ စစ်ရှောင်မိသားစုတစ်စုကို ဆန်တစ်ပြည်နှုန်းနဲ့ ပေးဝေထားပြီး အဲဒီပမာဏဟာ မိသားစုဝင်အရေအတွက်ပေါ်မူတည်ပြီး လေးရက်ခန့်သာ ဖူးလုံမှုရှိတယ်လို့လည်း စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။
“နောက်ထပ်သိုထားတဲ့ဆန်တွေတော့ မရှိတော့ဘူး။ အခုလိုက်လှူပေးထားတာအကုန်ပဲ။” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆင်ထိုးကြီးရွာခံတစ်ဦးက ပြောပါတယ်။
ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ စားသောက်ကုန် သယ်ယူခွင့်ကန့်သတ်တင်းကြပ်ခံထားရတာဖြစ်ပြီး စစ်မဖြစ်ခင်က ဝယ်စုထားလို့မရသလို စစ်ဖြစ်လို့ နေရပ်စွန့်ခွာထွက်ပြေးတဲ့အခြေအနေမှာလည်း အလွယ်တကူဝယ်လို့ မရတဲ့အတွက် ဆန်ဖူလုံမှုမရှိတာလို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
“အိမ်ကလူကြီးတွေကိုပဲ ထမင်းကျွေးတယ်။ ကျွန်တော်တို့က လူငယ်ဆိုတော့ မာမားတစ်ထုပ်နဲ့ပဲ ဖြေရှင်းတာများတယ်။” လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မြိုနယ်နှစ်ခုစလုံးမှာ တိုက်ပွဲတွေဆက်ရှိနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်နေတာကြောင့် ဒေသအသီးသီးက နေရပ်စွန့်ခွာထားတဲ့ အရပ်သားတွေအနေနဲ့ ဘယ်အချိန် ရွာပြန်နိုင်မယ်ဆိုတာကိုတော့ မသိဘူးလို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
တိုင်းအတွင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လက တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ ၆၃၆၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
