တနင်္သာရီမြို့နယ်မှာ ရွာလုံးကျွတ်စစ်ဘေးရှောင်ရတဲ့ရွာ ၅ ရွာအထိရှိလာ
တနင်္သာရီမြို့နယ်မှာ ရွာလုံးကျွတ်စစ်ဘေးရှောင်ရတဲ့ရွာ ၅ ရွာအထိရှိလာ
တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ရွာတွေထပ်တိုးလာတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖို၊ ကမ်းတိုရွာတွေဟာ အခုနှစ် ဇွန်လလောက်မှာ ရွာလုံးကျွတ်အပြီးပိုင်စစ်ဘေးရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကဆိုပါတယ်။
စစ်ကောင်စီဗျူဟာကုန်းရှိတဲ့ တမုတ်ချုံးကျေးရွာအုပ်စုထဲက အိမ်ခြေ ၈၀၀ ခန့်ရှိတဲ့ ရေဖြူကျေးရွာဟာလည်း နိုဝင်ဘာနောက်ဆုံးအပတ်ကတည်းက တဖြည်းဖြည်းရွှေ့ပြောင်းနေပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်စာရင်းထဲပါဝင်လာခဲ့ပါတယ်။

“ရွာလုံးကျွတ်ပြောင်းကြတာ၊ မရှိတော့ဘူး။ ဒီရွာက (ရေဖြူ)ဗျူဟာနဲ့ကျနော်တို့ကြားမှာရှိနေတဲ့ရွာဖြစ်နေတယ်။ သူကအလယ်မှာဖြစ်နေတာ။” လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု(SBA)စစ်ကြောင်း ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။
နိုဝင်ဘာလနောက်ဆုံးအပတ်က စစ်ကောင်စီရေဖြူဗျူဟာကုန်းနဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ ထုံခါအကျဉ်းစခန်းက ဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ အကျဥ်းသားတွေအားလုံး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်အလုပ်ကြမ်းစခန်းကို ရွှေ့ပြောင်းခဲ့တဲ့အချိန်ကတည်းက ရေဖြူကျေးရွာက ဒေသခံတွေရွှေ့ပြောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အကျဉ်းစခန်းကြီးတစ်ခုလုံးစွန့်သွားတာဆိုတော့ ပွဲကြမ်းလာဖို့ပဲရှိတယ် စသဖြင့်ပေါ့ဗျာ အရပ်ထဲမှာဆိုတဲ့သိတဲ့အတိုင်း သတင်းတွေပျံ့ပြီး ရွှေ့ကြပြောင်းကြတာဗျာ။ အန္တရာယ်မလာခင်ကြိုရှောင်ကြတဲ့သဘောပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရေဖြူကျေးရွာက ပြည်သူတချို့ကတော့ နီးစပ်ရာခြံတွေမှာ နေထိုင်နေကြပြီး အများစုကတော့ တခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နီးစပ်ရာခြံတွေမျာပြောင်းရွှေ့နေထိုင်နေတဲ့ ရေဖြူဒေသခံတချို့ကတော့ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

“တောထဲမှာရှောင်နေတဲ့သူတွေက ကျနော်တို့ကို အဆင့်ဆင့်ဆက်သွယ်လာတာရှိတယ်။ ဒါပေမယ့် ရေဖြူ ဗျူဟာကရှိနေတော့ ကျနော်တို့အနေနဲ့ သွားလာဖို့ တော်တော်ခက်ခဲတဲ့အနေအထားဖြစ်နေတယ်။” စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
သွားလာဖို့ခက်ခဲနေတဲ့အတွက် အကူအညီလိုအပ်နေတဲ့စစ်ဘေးရှောင်ဘယ်လောက်ရှိနေတယ်ဆိုတာတွေကိုလည်း မသိရဘူးလို့ အဆိုပါ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
ထုံခါအကျဉ်းစခန်းက အကျဉ်းသားတွေနဲ့ဝန်ထမ်းတွေရွှေ့ပြောင်းပြီးနောက် ရက်ပိုင်းအကြာမှာ တောင်ပိုင်းညီနောင်တပ်ပေါင်းစု(SBA)စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ပါတယ်။
ဒါ့အပြင် အခုလ ၉ ရက်နေ့ကလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ ရေဖြူဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေကို တောင်ပိုင်းညီနောင်တပ်ပေါင်းစု(SBA)စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ရင်းတွေနဲ့ ဗျူဟာကုန်းတွေကနေ လက်နက်ကြီးပစ်ခတ်နေတာရှိနေပြီး ရေဖြူကျေးရွာနဲ့အနီးတဝိုက်က ရှမ်းအင်းတော်ရွာက အိမ်ထောင်စု ၄၀၀ ကျော်လည်း ယာယီစစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့အောက်တိုဘာလက တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင် ၃၇၀၀ ကျော်ရှိခဲ့ပါတယ်။
The Tanintharyi Times
