ပုလောမြို့နယ်မှာ အရေးပေါ်စစ်ဘေးရှောင််နေရတဲ့ပြည်သူထောင်ချီရှိနေတယ်လို့ဆို

ပုလောမြို့နယ်မှာ အရေးပေါ်စစ်ဘေးရှောင််နေရတဲ့ပြည်သူထောင်ချီရှိနေတယ်လို့ဆို

ပုံစာ- ပုလောမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေ။(ပုံဟောင်း)

ပုလောမြို့နယ်မှာ လတ်တလောပဋိပက္ခတွေကြောင့် အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ပြည်သူ ထောင်ချီရှိနေတယ်လို့ဆို ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

အခုလ ဒုတိယအပတ်အစမှာ စစ်ကောင်စီတပ်ဟာ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လာတာတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရက်တွေမှာ စစ်ကောင်စီတပ်က အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအပြင် အရပ်သား ငါးဦးကိုလည်း ပစ်သတ်ပြီး နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ စစ်ကောင်စစ်တပ်ရဲ့ ဖမ်းဆီးမှုတွေ‌ကြောင့် အခုလဒုတိယအပတ်ကစပြီး လက္ကူးကျေးရွာအုပ်စုထဲက မဒေါင်ရွာ၊ ပြင်းဖြူရွာ၊ မဒေါင်ရွာနဲ့ တိုကျေးရွာအုပ်စုထဲက ပိတပ်ရွာက ဒေသခံတွေ အရေးပေါ်စစ်ဘေးရှောင်ပြေးနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

“ထောင်ချီရှိမှာပါ။ အဲရွာက ရွာကြီးတွေဆိုတော့။ အကူအညီကတော့လိုတယ် အဓိကက စားနပ်ရိက္ခာ။ စားနပ်ရိက္ခာအတွက်ဆိုပေမယ့်ပိုက်ဆံလှူရင်ပိုအဆင်ပြေပါတယ်။” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရကတော့ တိုကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၇၇၀ စုရှိပြီး လက္ကူးကျေးရွာအုပ်စုမှာ ၁၂၇၇ စု ရှိပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုတွေကြောင့် ပလမြို့ပေါ်က ပြည်သူတချို့လည်း အနီးအနားရွာတွေ၊ မြို့တွေဆီကို ပြောင်းရွှေ့နေထိုင်နေကြရပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်မှာတချို့တွေရှောင်ကုန်ပြီ။ ရှောင်လို့အဆင်ပြေတဲ့ဒီနေရာနဲ့ ဝေးလေကောင်းလေဆိုပြီးရှောင်နေကြတာ။ အဆင်မပြေတဲ့သူတွေကျတော့လည်း အိမ်မှာကုပ်ကပ်ပြီးနေနေရတာပေါ့။” လို့ ပလမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး တိုက်ပွဲအဖြစ်များဆုံးနဲ့ စစ်ဘေးရှောင်ပြည်သူဦးရေအများဆုံးမြို့နယ်ဖြစ်ပါတယ်။

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပုလောမြို့နယ်မှာ အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၆၀၀ ကျော်အပါအဝင် စစ်ဘေးရှောင်ပြည်သူတစ်သောင်းဝန်းကျင်ရှိခဲ့ပါတယ်။

The Tanintharyi Times