ပုလောမှာ တိုက်ပွဲကြောင့် ကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ရာကျော်စစ်ဘေးရှောင်နေရ

ပုလောမှာ တိုက်ပွဲကြောင့် ကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ရာကျော်စစ်ဘေးရှောင်နေရ

ပုလောမြို့နယ်၊ စပူပြင်ရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာနှစ်ရွာက အိမ်‌ခြေနှစ်ရာကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁၀ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်က စပူပြင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်းစီတပ်သားတွေနဲ့ အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် လေးမိုင်၊ စပူပြင်ရွာနဲ့အနီးတဝိုက်ရွာတွေက အိမ်ခြေနှစ်ရာကျော်နေရပ်စွန့်ခွာခဲ့ရတာဖြစ်ပြီး ဒီကနေ့အထိတော့ ဘယ်သူမှ နေရပ်ပြန်မဝင်ကြသေးဘူးလို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

“ကြက်တွန်ချိန်ကြီး ထပြေးကြရတာ။ တချို့ကလည်း မိုးလင်းမှ ရှောင်ကြတာလည်းရှိတယ်။ ပုံမှန်ဆို ရှောင်ပြီး တစ်ပတ်လောက်ကြာမှာ အိမ်ပြန်ကြတယ်။ လောလောဆယ်တော့ နီးစပ်ရာမှာ ဆင်ပြေသလိုပဲနေနေကြတယ်။” လို့ စစ်ရှောင်တွေကို နေရာချပေးရာမှာပါဝင်ကူညီနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပုလောမြို့နယ်ထဲမှာ မကြာခဏပစ်ခတ်မှုတွေဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ တစ်ပတ်စာ စားနပ်ရိက္ခာနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားလေ့ရှိကြတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် လတ်တလောစစ်ဘေးရှောင်နေရတဲ့ အိမ်ထောင်စုတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်ကတော့ လောလောဆယ်မကြုံရသေးဘူးလို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

အခုလ ၇ ရက်နေ့ မနက် ၁၁ နာရီခန့်ကလည်း မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ပုလောမြို့နယ်၊ ခုနှစ်မိုင်ရွာမှာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေတဲ့ တော်လှန်ရေးမဟာမိတ်တွေရဲ့ ဂိတ်ကို စစ်ကောင်စီတပ်ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဝင်ပစ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ဆုတ်သွားပြီး တော်လှန်ရေးမဟာမိတ်တပ်တွေဘက်ကလည်း ဂိတ်ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်တွေက ပြောပါတယ်။

အခုလ ၁၀ ရက်နေ့ကဖြစ်ခဲ့တဲ့ စပူပြင်ရွာအနီး ပစ်ခတ်မှုမှာလည်း စစ်ကောင်စီတပ်သားတွေပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

“တိုင်းဗဟိုမှာ သင်းတန်းပေးနေတဲ့ သင်းတန်းသားအသစ်တွေကို ကွင်းဆင်းခိုင်းတာမျိုးလည်းဖြစ်နိုင်တယ်။ မထိတထိလာလုပ်ပြီးပြန်ပြန်ဆုတ်သွားတာဆိုတော့။” လို့ မြိတ်ခရိုင်းအမှတ်(၁)တပ်ရင်းက ရဲဘော်တစ်ဦးက ပြောပါတယ်။

အခုလ ၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်တပ်စွဲထားတဲ့ ပလမြို့ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဧပြီလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်တစ်ခုတည်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၃၀၀၀ ကျော်ရှိခဲ့တယ်လို့ တိုင်းအတွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စာရင်းတွေအရ သိရပါတယ်။

The Tanintharyi Times

ပုံစာ - ပုလောမြို့နယ်က စစ်ဘေးရှောင်‌ပြည်သူတွေ။(ပုံဟောင်း)

The Tanintharyi Times