ပေါက်တောမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ သုံ့ပန်းတွေ အပါအဝင် ၁၇ ဦးသေဆုံး

ပေါက်တောမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ သုံ့ပန်းတွေ အပါအဝင် ၁၇ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုပေးနေတဲ့ နေရာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၁၇ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်နဲ့ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇ ဦး သေဆုံးသွားတဲ့အပြင် အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာ ရရှိသူ ၁၀ ဦး အထိ ရှိပါတယ်။

စစ်ကောင်စီ စစ်သုံ့ပန်း ၇ ဦး သေဆုံးသွားသလို အသက် ၁၄ နှစ်ကနေ ၆၇ နှစ်အထိ အမျိုသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးသွားခဲ့ကြောင့် AA က ထုတ်ပြန်ထားတဲ့ အမည်စာရင်းအရ သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကျန်းမာရေးဆိုးရွားနေတာကြောင့် ဆေးကုသဖို့ လိုအပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း အရာရှိကြီးတချို့ စစ်ကောင်စီသတင်းပေးတွေနဲ့ AA ရဲ့ သတင်းတွေကို စစ်ကောင်စီထံ ပေးပို့နေတယ်ဆိုတဲ့ သံသယမှုနဲ့ ဖမ်းဆီးစစ်ဆေးနေသူ တချို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ကျခံနေရသူ တွေ ၊ အကျဉ်းစခန်းထိန်းသိမ်းရေး တာဝန်ရှိသူ တချို့၊ AA ကျန်းမာရေးဝန်ထမ်းတချို့နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အရပ်သား ပြည်သူတွေ ကလေးငယ်တချို့လည်း ပါဝင်တယ်လို့ AA က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ ပွိုင့်ရေတပ်စခန်းတို့ကနေ ပေါက်တောမြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်။

အခု စက်တင်ဘာလထဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စက်တင်ဘာ ၆ ရက်နေ့က ကရင်နီရှိ ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲမှုမှာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပါတယ်။

နောင်ချိုမြို့နယ် ဗုံးကြဲမှုမှာတော့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး နန့်ခမ်းမြို့ ဗုံးကြဲမှုမှာ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးတကာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲမှုမှာ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။

စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့မှာလည်း ကိုးကန့်တပ်မတော် သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦး သေဆုံးခဲ့ရသလို အရပ်သား ၁၀ ကျော် ဒဏ်ရာရရှိကာ ပြည်သူပိုင် မော်တော်ယာဉ်နဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ရကြောင်း MNDAA က ထုတ်ပြန်ထားပါတယ်။

အခု စက်တင်ဘာလ ပထမရက်သတ္တပတ်ထဲမှာပင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ ဦးဝန်းကျင် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြိမ်ပေါင်း ၃၆၀ ကျော် စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာ လုပ်ဆောင်ခဲ့ပြီး ကလေးသူငယ် ၁၅ ဦး အပါအဝင် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ရကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ BMC ရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

The Tanintharyi Times