စစ်မှုထမ်းထောက်ပံ့ငွေမထည့်နိုင်သူကို အမှုဆင်ဖမ်းဆီးပြီး စစ်သားစုဆောင်း
စစ်မှုထမ်းထောက်ပံ့ငွေမထည့်နိုင်သူကို အမှုဆင်ဖမ်းဆီးပြီး စစ်သားစုဆောင်း
မြိတ်မြို့နယ်၊ သစ်ယာဝရွာမှာ စစ်မှုထမ်းထောက်ပံ့ငွေမထည့်တဲ့ မိသားစုတစ်စု က လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားအဖြစ် အဓမ္မစုဆောင်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်သားအဖြစ်စုဆောင်းခံရသူဟာ အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး အခုလ လဆန်းပိုင်းမှာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလူငယ်အမျိုးသားရဲ့မိသားစုဟာ စစ်မှုထမ်းအစားထိုးငွေ ၄၀,၀၀၀ ကျပ် မထည့်ထားတာကြောင့် အမှုဆင်ခံရပြီးဖမ်းခေါ်သွားဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလူငယ်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ခိုးမှု နဲ့ အမှုဆင်ဖမ်းဆီးနောက် ရဲစခန်းမှာ အမှုမဖွင့်ဘဲ မြိတ်မြို့ကို စစ်သားစုဆောင်းဖို့ အတွက် ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
သစ်ယာဝရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက စာရေးဖြစ်သူ ဖြိုးဝေအောင် ဦးဆောင်ပြီး အဆိုပါ လူငယ်ကို စစ်သားအဖြစ်စုဆောင်းဖို့ မြိတ်ကို ပို့ဆောင်လိုက်တာဖြစ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“မိဘနှစ်ယောက်လုံးရှိနေတာ အကျိုးအကြောင်းတော့ပြောရမှာပေါ့။ အခုက အမိနဲ့အဘတောင်မသိလိုက်ဘဲ သူခိုးလို့စွပ်စွဲပြီး မြိတ်ပို့လိုက်တာ။ သူ့အမိဆို သူ့သားသတင်းကြားကြားပြီးချင်း မေ့တောင်လဲတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီအမျိုးသားကို မြိတ်ပို့လိုက်တယ်လို့သာ သိရပြီး ဘယ်တပ်ရင်းကိုပို့လိုက်တယ်ဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သစ်ယာဝရွာမှာ စစ်ကောင်စီနဲ့ နီးစပ်သူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်ခုနှစ်ဦးရဲ့ ဆုံးဖြတ်ချက်အရ အိမ်ထောင်စုတစ်ခုကို တစ်လ ၄၀၀၀၀ ကျပ်၊ အိမ်ထောင်ဦးစီးမရှိတော့တဲ့ မိသားစုဆိုရင် ၃၀၀၀၀ ကျပ်၊ စီးပွားရေးလုပ်ငန်းအတည်တကျမရှိတဲ့မိသားစုကို ၂၀၀၀၀ ကျပ်နဲ့ ဒီလကစပြီး လစဉ်ပေးရမယ်လို့ ဆိုပါတယ်။
အဲဒီလို ငွေကောက်ခံရာမှာလည်း အမိန့်ထုတ်ခဲ့သူတွေက အိမ်တိုင်ရာရောက် လိုက်ကောက်တာမျိုးမဟုတ်ဘဲ သူတို့ရဲ့နေအိမ်တွေမှာ ဒေသခံတွေက သွားထည့်ရတာလို့ ပြောပါတယ်။
သစ်ယာဝရွာခံတွေက ရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဇော်ဝင်းထွဋ်နဲ့ ရာအိမ်မှူးဖြစ်တဲ့ ဦးစိုးဌေးအောင် တို့အိမ်မှာ ငွေသွားထည့်ရမှာဖြစ်ပြီး ကန်ပြင်နဲ့အရှေ့ပြင်မှာတော့ စာရေး ဦးဖြိုးဝေအောင် အိမ်မှာသွားပေးရမယ်လို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။
“မထည့်ရင် စစ်တပ်ကဆင်းလာပြီး အမည်းရောင်နယ်မြေသတ်မှတ်မယ်ဆိုပြီးခြိမ်းခြောက်ထားတယ်။ အိမ်တွေလည်းမီးရှို့မယ်ဆိုပြီးပြောတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေကြေညာချက်ထွက်ပြီး တစ်ပတ်ခန့်အကြာမှာ သစ်ယာဝရွာခံ အမျိုးသားသုံးဦး စစ်သားစုဆောင်ခံခဲ့ရပြီး ဒီလထဲမှာစုဆောင်းခံရတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိတ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသတွေပါမကျန် စစ်မှုထမ်းဖို့အတွက် ပိုက်ဆံထည့်နေရတာဖြစ်ပါတယ်။
The Tanintharyi Times