ကျောက်မဲဆေးရုံကို လေကြောင်းကနေ ဗုံးကြဲ CDM ဆရာမ အပါအဝင် ၂ ဦး သေဆုံး
ကျောက်မဲဆေးရုံကို လေကြောင်းကနေ ဗုံးကြဲ CDM ဆရာမ အပါအဝင် ၂ ဦး သေဆုံး
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ကျောက်မဲမြို့ က ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် CDM ဆရာမ တစ်ဦးနဲ့ လူနာ တစ်ဦး သေဆုံးကာ ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒီကနေ့ နေ့လည် ၁ နာရီကျော်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ နှစ်ကြိမ်၊ ဗုံး ၄ လုံးနဲ့ ကျောက်မဲဆေးရုံပေါ်ကို ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းကနေ ဗုံးကြဲခံရမှုကြောင့် လူနာတွေကို ဆေးကုပေးနေတဲ့ CDM ဆရာမ တစ်ဦး၊ လူနာ တစ်ဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ CDM ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရသလို ကျောက်မဲဆေးရုံ တစ်ခုလုံး ပျက်စီးသွားတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာ ဗုံးစထိမှန်ထားတဲ့ ပြည်သူတွေကို TNLA ရဲဌာန၊ ပရဟိတအသင်းတွေကို ဝိုင်းဝန်းကယ်ဆယ်ပြီး ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ကျောက်မဲ ပြည်သူ့ဆေးရုံဟာ ၁၉၆၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ ကုတင် ၁၅၀ ဆန့် ဆေးရုံဖြစ်ပြီး TNLA ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးဝန်ဆောင်မှုတွေပေးကာ ပြည်သူတွေကို ဆေးကုသပေးနေတဲ့ နေရာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၉ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောင်အအုံတချို့လည်း ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times
