မြိတ်မှာ အသားဈေးတက်လာပြီးနောက်ပိုင်း ကြက်သား၊ဝက်သား ရောင်းအားထက်ဝက်ကျ

မြိတ်မှာ အသားဈေးတက်လာပြီးနောက်ပိုင်း ကြက်သား၊ဝက်သား ရောင်းအားထက်ဝက်ကျ

ပုံစာ - မြိတ်မြို့က ကြက်သားအရောင်းဆိုင်။ (ပုံဟောင်း)

မြိတ်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အသားဈေးတွေဆက်တိုက်မြင့် တက်လာပြီးနောက် ကြက်သား၊ ဝက်သားရောင်းအားတွေ ထက်ဝက်နီးပါးကျဆင်းခဲ့တယ်လို့ မြိတ်မြို့ ကြက်နဲ့ ဝက်သား ဒိုင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကစလို့ ကြက်သားတစ်ပိဿာကို ၁၇,၀၀၀ ကျပ်ဝန်းကျင်ကနေ ၂၆,၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ ၂၂,၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေတယ်လို့ မြို့ခံကြက်သားရောင်းသူတွေဆီက သိရှိရပါတယ်။

ဝက်သားဈေးက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တစ်ပိဿာကို ၂၈,၀၀၀ ကျပ်ဝန်းကျင်ကနေ ၃၅,၀၀၀ ကျပ်အထိ စတင်မြင့်တက်ခဲ့ပြီး လက်ရှိမှာလည်း အဲ့ဒီဈေးနှုန်းပဲရှိနေတယ်လို့ မြို့ခံဝက်သား ရောင်းသူတွေက ဆိုပါတယ်။

အမဲသားဈေးကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ရှိခဲ့ရာကနေ လက်ရှိမှာ ၃၁,၀၀၀ ကျပ်ဝန်းကျင်ဈေးပေါက်နေတယ်လို့ အမဲသားရောင်းချသူတွေဆီ ကသိရပါတယ်။

အခုလိုမျိုး အသားဈေးတွေ တစ်ပိဿာကို ကျပ်နှစ်သောင်းကနေ သုံးသောင်းကျော်အထိ ဈေးတက်လာပြီးတဲ့နောက် မြို့ခံတွေအနေနဲ့ အသားဝယ်စားတာနည်းလာပြီး ရောင်းအားထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ မြိတ်မြို့က အသားသည်တွေက ပြောပါတယ်။

“ အရောင်းအဝယ်က တော်တော်ကိုပါးနေတယ်။ ဈေးထဲမှာလည်း ဝယ်စားသမားကိုသိပ်မရှိက” လို့ မြိတ်မြို့ ကြက်သားဒိုင်တစ်ခုရဲ့ ပိုင်ရှင်ကဆိုပါတယ်။

မြိတ်မြို့က ကြက်မွေးမြူရေးခြံတစ်ခုမှာဆိုရင် အရင်ကတစ်ပတ်ကို ကြက်အကောင်ရေ ၅၀၀ လောက်အထိ ကြက်သားဒိုင်တွေကို ရောင်းချရပေမဲ့ လက်ရှိမှာတော့ တပတ်ကို ကြက်အကောင်ရေ ၂၀၀ လောက်သာရောင်းအားရှိတော့တယ်လို့ မွေးမြူရေးခြံပိုင်ရှင်က ပြောပြပါတယ်။

ဝက်သားရောင်းချနေသူတွေအနေနဲ့ဆိုရင်လည်း အရင်က တစ်ရက်ကို ဝက် ၄ ကောင်ကနေ ၅ ကောင် အထိ ဝက်ပေါ်ပြီးရောင်းချနေတဲ့ဆိုင်မှာ လက်ရှိ တစ်ရက်ကို ဝက် ၂ ကောင်လောက်သာ ပေါ်ရတဲ့ အခြေအနေဖြစ်တယ်လို့ မြိတ်မြို့ခံ ဝက်သားဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။

အလားတူ အမဲသားတွေလည်း ရောင်းအားကျနေပြီး အရင်က တစ်ရက်ကို ၂ ကောင် ပုံမှန်ပေါ်ပြီးရောင်းချရာက အခုဆိုရင် နွား ၁ ကောင်ပေါ်ပြီး ၂ ရက်ခန့် ရောင်းနေတာဖြစ်တယ်လို့ မြိတ်မြို့အမဲသားဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

မြိတ်မြို့ခံတွေ အနေနဲ့ကတော့ အခုလိုမျိုးအသားဈေးတွေအလွန်တက်လာပြီးတဲ့နောက် အရင်ကလို နေ့တိုင်းပုံမှန် အသားမစားနိုင်တော့ဘူးလို့ ဆိုကြပါတယ်။

“ အရင်ကလို အသားဟင်းတွေ သိပ်မချက်စားဖြစ်တော့ဘူး။ တစ်ပတ်ကိုနှစ်ရက်လောက်ပဲ ချက်စားတယ်။ တစ်ခါတစ်လေ အသားဟင်းလုံးဝမချက်ဖြစ်တဲ့အပတ်တွေလည်းရှိတယ်” လို့ မြိတ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

မြိတ်မြို့အပြင် တိုင်းအတွင်းက တခြားသောမြို့တွေမှာလည်း အသားဈေးနှုန်းတွေ မြှင့်တက်လျှက်ရှိတယ်လို့ အသားရောင်းချသူတွေဆီက သိရပါတယ်။

The Tanintharyi Times