စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ် အရာရှိတွေကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ် အရာရှိတွေကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်တပ်ဒုခေါင်းဆောင် စိုးဝင် တို့အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကိုအာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ဘွေနို့စ်အိုင်းရဲ့စ်(Buenos Aires) မှာရှိတဲ့ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အဓိက တရားခံတွေ မြန်မာစစ်တပ်ရဲ့ ခေါင်း‌ဆောင်ပိုင်းတွေဖြစ်တယ်လို့ဆိုကာ ဖမ်းဝရမ်းထုတ်လိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဝရမ်းအရ မင်းအောင်လှိုင် နဲ့ ‌ဖမ်းဝရမ်းမှာပါဝင်တဲ့ စစ်တပ်အရာရှိတွေကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL ကဖမ်းဆီးပြီး အာဂျင်တီးနား တရားရုံးကို အပ်နှံခွင့်ရှိတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာလည်း ဗိုလ်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားလို Karim Khan က တောင်းဆိုခဲ့ပါတယ်။

The Tanintharyi Times