စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တဲ့ ICC ရှေ့နေနဲ့ ပူးပေါင်းခဲ့ကြောင်း IIMM ဆို

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တဲ့ ICC ရှေ့နေနဲ့ ပူးပေါင်းခဲ့ကြောင်း IIMM ဆို

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကနေ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ICC ရှေ့နေ ကရင်းမ် ခန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တဲ့ အမှုမှာ ICC ရှေ့နေရုံးက စုံစမ်းစစ်ဆေးရာမှာ များစွာသော အထောက်အထား၊ စိစစ်သုံးသပ်ချက်တွေ၊ သက်သေထွက်ဆိုချက်တွေကို IIMM က ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကိုယ်တိုင်ကြုံတွေ့ခံစားရသူတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့နေရာမှာလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက ICC နဲ့ အတူတကွ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုမှုဟာ ပထမဆုံး တောင်းဆိုမှု ဖြစ်ပြီး “နောက်ထပ်လည်း ရှိလာဦးမယ်” လို့ ရှေ့နေရုံးဘက်က ပြောဆိုထားသလို ICC ရဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားထဲမှာလည်း IIMM က ဆက်ပြီး ပူးပေါင်းသွားမယ့်အကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံတွင်းက နှင်ထုတ်တာ၊ ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ICC တရားရှေ့နေက တောင်းဆိုခဲ့တာပါ။

၂၀၁၆ ၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ရာထောင်ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို အတင်းအကြပ် ပြေးဝင် ခိုလှုံရစေတဲ့ အကြမ်းမှုနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို ၅ နှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက်မှာ အခုလို ICC တရားရုံးကို တောင်းဆိုနိုင်ခဲ့ကြောင်း IIMM က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ် တောင်းဆိုချက်အပေါ် အသိအမှတ်မပြုဘူးလို့ တုံ့ပြန်ထားပါတယ်။

နိုင်ငံတကာရာဇဝတ်မှု ခုံရုံး ICC ၊ အာဂျင်တီးနားတရားရုံးကနေ တရားစွဲဆိုသူတွေထံ ပေးပို့လာတဲ့ စာဖြစ်စေ၊ ပြည်ပသွားလာခွင့် ကန့်သတ်တဲ့ ဖမ်းဆီးမှုဖြစ်စေ၊ ဖမ်းဝရမ်း (သို့မဟုတ်) လာရန်ရန်ဆင့်ခေါ်စာဖြစ်စေ၊ ပြည်ပက ဝင်လာလေ့ရှိတဲ့ DHL အမြန်ချောပို့နဲ့ ပေးပို့လာတဲ့စာတွေကို လက်ခံခြင်းမပြုဖို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် လျှို့ဝှက်ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အာရှရဲ့ စစ်ခေါင်းဆောင်တွေထဲမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပထမဦးဆုံး ICC ကနေ ဖမ်းဝရမ်းထုတ်ခံရမယ့် လူဖြစ်လာပြီး အခုလို ဝရမ်းထုတ်ဖို့ ဦးတိုက်လျှောက်ထားခြင်းက စစ်ခေါင်းဆောင်ကို စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ရုံသာမက ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အဖွဲ့ကတော့ သူတို့အဖွဲ့နဲ့ တွေ့ဆုံပြီး ICC ထံ တင်ပြနိုင်တဲ့ အချက်အလက်တွေကို မျှဝေပေးခဲ့ကြတဲ့ ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာတွေနဲ့ တခြားသောသက်သေတွေကို အမှတ်ရဂုဏ်ပြုကြောင်း ပြောဆိုခဲ့ပြီး ဒါဟာ အဆုံးတိုင်တရားမျှတမှု ရရှိရေးအတွက် အခရာအကျဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times