အရာရာ လူများ

အရာရာ လူများ

‘လူတွေ မကောင်းဘူးဗျာ၊ ဘယ်လိုစိတ်နဲ့များ နေနိုင်ကြလဲမသိဘူး’လို့ စားပွဲဝိုင်းကို အမှတ်မထင်ရောက်လာတဲ့ မိတ်ဆွေက ကျွန်တော်တို့ ပြောဆိုနေတာတွေကို နားထောင်ရင်း စကားဆိုလာပါတယ်။

ကျွန်တော်တို့ကလည်း လတ်တလောဖြစ်ပျက်နေတဲ့ အကြောင်းအရာပေါင်းစုံကို ရောက်တတ်ရာရာ ပြောဆိုနေမိကြတာဖြစ်ပါတယ်။ အထူးသဖြင့် တိုက်ပွဲတွေအကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်တွေအကြောင်း၊ အရပ်သားသေဆုံးမှုတွေအ ကြောင်း၊အဓမ္မပြုကျင့်မှုတွေအကြောင်း၊ ရက်စက်ကျူးလွန်မှုတွေအကြောင်း၊ မီးရှို့ဖျက်ဆီးမှုတွေအကြောင်း၊ မြို့ ပြညတွေရဲ့ စည်ကားသိုက်မြိုက်နေမှုတွေကြောင်း ၊ သီတင်းကျွတ်ကာလ၊ တန်ဆောင်တိုင်ကာလ ပွဲလမ်းသဘင် တွေအကြောင်းစသဖြင့် ခေါင်းစဉ်မယ်မယ်ရရမရှိဘဲ တောရောက်တောင်ရောက် ပြောဆိုနေကြတာ ဖြစ်တယ်။

မိတ်ဆွေက ကျွန်တော်တို့ပြောဆိုနေတဲ့ အကြောင်းတွေကို တစ်ဝိုင်းထဲဝင်ထိုင်မိချိန်မှာ မကြားချင်လည်း ကြားမိရင်း၊ နားမထောင် ချင်လည်းနားထောင်မိရင်း အခုလိုစကားဆိုလာခဲ့တာပါပဲ။ မိတ်ဆွေက ဘယ်လိုသဘောနဲ့ ရေ ရွတ်ပြောဆိုလိုက်တယ် မသိရပေမယ့် စားပွဲဝိုင်းမှာ ထိုင်နေကြသူအားလုံးရဲ့ စိတ်အာရုံက သူ့ဆီကို ရောက်သွားပါတယ်။ စားပွဲဝိုင်းလည်း ရုတ်တရက်ကြီး တိတ်ဆိတ်သွားပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ စားပွဲဝိုင်းက နေ့စဉ်စားသုံးနေရတဲ့ သတင်းအချက်အလက်တွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေ၊ ဖြတ်သန်းနေရတဲ့ ကာလရွှေ့လျားမှုနဲ့ ပစ္စခတ်အကြောင်းတရားတွေကို ဆွေးနွေး ပြောဆိုလေ့ရှိကြတာဖြစ်ပါတယ်။ အဲဒီထဲကမှ အလေးအနက်တွေးတောစရာတချို့နဲ့ တစ်ထောင့်တစ်နေရာက နှမ်းစေ့တစ်စေ့ ဖြစ်လိုဖြစ်ငြား ကိစ္စတွေကို အနှစ်ချုပ် စစ်ထုတ်ရင်း ခင်ရာဆွေမျိုး ရှိနေခဲ့ကြတာမျိုးဖြစ်တယ်။ အဲဒီအခြေအနေမှာ ရုတ်တရက်ရောက်လာပြီး ရေရွတ်ပြောဆိုလိုက်တဲ့ မိတ်ဆွေရဲ့ စကားကြောင့် အားလုံးရဲ့ စေတသိုက်က သူ့ဆီကိုရောက်သွားပြီး စားပွဲဝိုင်းလည်းတိတ် ဆိတ်သွားခဲ့တာဖြစ်တယ်။

‘ဟုတ်တယ်ဗျာ။ လူတွေက အဲဒီလိုပါပဲ’။ မိတ်ဆွေရဲ့ အမြင်ကို စားပွဲဝိုင်းမှာရှိနေတဲ့ တစ်ယောက်က ထောက်ခံ စကားဆိုရင်း တိတ်ဆိတ်နေမှုကို ပြန်အသက်သွင်းလိုက်တယ်။ အဲဒီနောက် ကျွန်တော်တို့ စားပွဲဝိုင်းက ခုနင်ကပြောခဲ့တဲ့ အကြောင်းအရာတွေကနေ လူတွေအကြောင်းဆီ ဦးလှည့်ရောက်ရှိ သွားခဲ့တယ်။ အထူးသဖြင့် ‘တချို့တွေ နေနိုင်လွန်းတယ်’ ဆိုတဲ့ ခိုင်ထူးရဲ့ သီချင်းစာသားလို ခုကာလကြီးထဲ နေနိုင်ကြတဲ့ လူတွေအကြောင်းပါပဲ။

အဲဒီညနေပိုင်း မိတ်ဆွေတွေနဲ့ ထိုင်ဖြစ်ခဲ့တဲ့ စားပွဲဝိုင်းကထပြီး အိမ်ကိုပြန်ရောက်တဲ့အထိ အဲဒီလူတွေအကြောင်းက ကျွန်တော့်အတွေးထဲ ရှုပ်ထွေးနောက်ကျိစွာ ပါလာခဲ့တယ်။

ချားလ်ဒါဝင်က လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ပုံသေနည်းတစ်ခုလို ဖြစ်နေတဲ့ အဲဒီအဆိုနဲ့ ပတ်သက်လို့ ဆက်လက်စေ့ငုဖို့ စိတ်အားမထက်သန်ခဲ့ပေမယ့် မျောက်ကဆင်းသက်ပြီးနောက် ဖြစ်လာတဲ့ လူတွေ အကြောင်းက မရိုးနိုင်သော ဇာတ်လမ်းတွေအဖြစ် အခုတိုင် ရှိနေဆဲပါပဲ။

အရင်တုန်းကတော့လူတွေ အကြောင်းဟာ သူတို့ပြုမူဆောင်ရွက်ချက်တွေပြီးနောက် ကာလအတန်ကြာမှ သိကြားမြင်တွေ့ခွင့်ရပေမယ့် လက်ရှိကာလမှာတော့ ဖွံ့ဖြိုးလာတဲ့ နည်းပညာကွန်ရက်၊ သတင်းအချက်အလက်စီးဆင်းမှုတွေကြောင့် လူတွေရဲ့ အပြုအမူတွေဟာ နေ့မကူးခင်မှာပဲ ပျံ့နှံ့သိမြင်လာရတာဖြစ်တယ်။

အထူးသဖြင့် နေ့စဉ်နဲ့အမျှ လူတွေပြုမူကြတဲ့ ရက်စက်ယုတ်မာမှု၊ ကျူးလွန်ရမ်းကာမှု၊ ရိုင်းစိုင်းကြမ်းတမ်းမှု၊ မေ့လျော့ အလေးမထားမှု၊ ပျော်ပါးမော်ကြွားမှု စတာတွေနည်းတူ ပေးဆပ်စွန့်လွှတ်မှု၊ ရဲရင့်တက်ကြွမှု၊ ကူညီရိုင်း ပင်းမှု၊ အသာမစံ အနာခံတတ်မှု၊ ပရဟိတပြုမှု ၊ လူကိုလူလို မြင်သိခံစားတတ်မှု ၊ သနားကြင်နာတတ်မှုစတဲ့အ ကြောင်းအရာမျိုးစုံဟာ မရိုးနိုင်သောဇာတ်လမ်းတွေအဖြစ် ထင်သာမြင်သာ ရှိနေခဲ့တာဖြစ်တယ်။

အရင်ကဆိုရင်တော့ ကျွန်တော့်တို့ရဲ့ လူ့အဖြစ်ဟာ ကျေးညီနောင်ပုံပြင်လို မုန်တိုင်းအတွင်းမှာ ကွဲကွာသွားပြီးနောက် ယဉ်ကျေးသူလက်ထဲရောက်သူက ယဉ်ကျေး၊ ရိုင်းစိုင်းသူလက်ထဲရောက်သူက ရိုင်းစိုင်းဆိုတဲ့ ပြောင်းလဲ မှုမျိုးသာ ဖြစ်တယ်လို့ ယေဘုယျဆိုလို့ရနိုင်ပေမဲ့ လက်ရှိပစ္စခက်အခြေအနေ၊ အဖြစ်အပျက်တွေနဲ့ အရာရာကို အလွယ်တကူ လေ့လာချင့်ချိန်နိုင်တဲ့ သတင်းနည်းပညာခေတ်ကြီးမှာ လူဟာ သူ့ဖြတ်သန်းရွေးချယ်မှုမှာ သူ့ရဲ့တည်ရှိမှုက အသက်ဝင်နေခဲ့တာဖြစ်တယ်။

ဒီလို အသက်ဝင်မှုတွေအပေါ် အခြေခံပြီး ကွဲပြားတဲ့ တည်ရှိမှုတွေအလျောက် ဆိုးရွားရက်စက်မှုတွေကို ကျူးလွန်နေကြသူတွေဟာ လူတွေပဲဖြစ်ပြီး အဲဒီဆိုးရွားရက်စက်မှုတွေကို အံတုဆန့်ကျင် နေကြသူတွေဟာလည်း လူတွေ ပဲ ဖြစ်တယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို ဖန်တီးဖော်ဆောင်နေကြသူတွေဟာ လူတွေပဲဖြစ်ပြီးအဲဒီလက်နက် ကိုင်တိုက်ပွဲတွေကြောင့် အတိဒုက္ခရောက်ကြရသူတွေနဲ့ အဲဒီတိုက်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုနေကြသူတွေဟာ လည်း လူတွေပဲ ဖြစ်တယ်။

စာသင်ကြားနေတဲ့ ကလေးငယ်တွေရှိရာ အရပ်သားဧရိယာတွေကို ဗုံးကြဲတိုက်ခိုက်တာလည်း လူတွေပဲဖြစ်ပြီး အဲဒီလုပ်ရပ်ကို ကန့်ကွက်တားဆီးရှုတ်ချနေကြသူတွေဟာလည်း လူတွေပဲဖြစ်တယ်။

ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ်အတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသူတွေဟာ လူတွေပဲဖြစ်ပြီး အာဏာရှင်စနစ်ကို ပုံဖော်ဖန် တီးဆုပ်ကိုင်ထားကြတာလည်း လူတွေပဲဖြစ်တယ်။

လူ့အခွင့်အရေးချိုးဖောက်တာလည်း လူတွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဝေဖန်ပြောဆိုနေကြ သူတွေဟာလည်း လူတွေပဲဖြစ်တယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဆန့်ကျင်သူတွေကိုယ်တိုင် လူတွေဖြစ်ပြီး အဲဒီ ကိုးကွယ်ခွင့်ကို လက်ခံယုံကြည်သူတွေကလည်း လူတွေပဲဖြစ်တယ်။

လိင်မတူကွဲပြားမှုနဲ့ လိင်တူချင်း ချစ်ခင်မှုကို ဆန့်ကျင်တွေသူတွေဟာ လူတွေဖြစ်ပြီး အဲဒီလိင်တိမ်းညွတ်မှုကို ထောက်ခံအားပေးသူတွေဟာလည်း လူတွေပဲ ဖြစ်တယ်။ သတင်းအမှားနဲ့ ဝါဒဖြန့်မှိုင်းတိုက်မှုကို ပြုလုပ်ကြသူတွေဟာ လူတွေဖြစ်ပြီး သတင်းအချက်အလက် အမှန်အတွက် ထိန်းကြောင်းတည့်မတ်သူတွေဟာလည်း လူတွေပဲဖြစ်တယ်။

တကယ့်တကယ်တမ်း သေသေချာချာ ဝေဖန်ပိုင်းခြားသုံးသပ်ကြည့်ရင် အခုဖြစ်ရပ်တွေမှာ လူဟာရက်စက်ယုတ်မာသူ၊ ကောက်ကျစ်ရိုင်းစိုင်းသူ၊ လူမဆန်ဉာဏ်နည်းထုံထိုင်းသူ၊ အကျိုးစီးပွားကြည့်သူ စသဖြင့် တစ်ဖက်မှာရှိနေပြီး တစ်ဖက်မှာ အဲဒီရဲ့ ဆန့်ကျင်ဘက် ကြင်နာသနားတတ်သူ ၊ စွန့်လွှတ်အနစ်နာခံသူ၊ ရိုင်းပင်းကူညီတတ်သူ၊ ရဲရင့် တက်ကြွသူ၊ ကိုယ်ကျိုးစွန့်သူ၊ ဆန့်ကျင်တော်လှန်သူအဖြစ် တစ်ပြိုင်တည်းရှိနေခဲ့တာ ဖြစ်တယ်။

အမေရိကန် စာရေးဆရာနဲ့ သတင်းစာဆရာ အားနက်စ်ဟဲမင်းဝေးရဲ့ ကမ္ဘာကျော် စကားတစ်ခု ရှိခဲ့ဖူးတယ်။ ‘လူ တိုင်းရဲ့ ဘဝဟာ တစ်ပုံစံတည်း အဆုံးသတ်တာပါပဲ။ ဒါပေမဲ့ အဲဒီလူ ဘယ်လိုနေထိုင်သွားခဲ့တယ်။ ပြီးတော့ဘယ်လို သေဆုံးသွားခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကသာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွား စေတာပါ’တဲ့။

တကယ်တော့ မိတ်ဆွေမှတ်ချက်ပြုရလောက်တဲ့ထိ ခံစားသွားရစေတဲ့ ကျွန်တော်တို့ပြောဆိုနေကြတဲ့ အကြောင်း ဖြစ်ရပ်တွေဟာ တိုင်းပြည်အနှံ့မှာ နိစ္စဓူဝ ဖြစ်ပျက်နေခဲ့တာပါ။

အဲဒီဖြစ်ရပ်တွေနဲ့ အဲဒီထက်မကတဲ့၊ မမြင်နိုင်တဲ့ ဖြစ်ရပ်တွေအတွက် ရက်စက်ရမ်းကားကျူးလွန်သူတွေ၊ ထိခိုက်နာကျင်ခံစားရသူတွေ၊ အာဏာတက်မက်စွဲလမ်း ကြသူတွေ၊ စွန့်လွှတ်ပေးဆပ်အံတုသူတွေ၊ အကျိုးစီးပွားအတွက် အရာရာကို ‌မေ့ပစ်သူတွေ၊ အရာရာအတွက် ဘဝကိုပါ အဆုံးရှုံးခံခဲ့သူတွေဆိုတဲ့ အသေးစိတ်သတ်မှတ်မှုအချက်အလက်မှာ ကျွန်တော်တို့ဟာ ဘယ်လိုလူအဖြစ် ကွဲပြားစွာနေထိုင်ရှင်သန်ရပ်တည်သွားမလဲဆိုတာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု အကျိုးအကြောင်းတရားသာ ဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မနဲ့အဓမ္မမှာ ကျွန်တော်တို့ ဘယ်အပိုင်းထဲ အသက်ဝင်တည်ရှိမလဲဆိုတာပဲ ဖြစ်ပါတယ်။

ညီမင်းဆက်

The Tanintharyi Times