NUG ဖွင့်တဲ့ ဒရုန်းသင်တန်းကို မွန်၊ကရင်နဲ့ တနင်္သာရီ က တပ်ဖွဲ့ဝင် ၄၀ ခန့် တက်ရောက်

NUG ဖွင့်တဲ့ ဒရုန်းသင်တန်းကို မွန်၊ကရင်နဲ့ တနင်္သာရီ က တပ်ဖွဲ့ဝင် ၄၀ ခန့် တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ ကွပ်ကဲမှုအောက်က တောင်ပိုင်းတိုင်းစစ်ဒေသမှာဖွင့်လှစ်တဲ့ ဒရုန်းသင်တန်းကို မွန်၊ ကရင်၊ တနင်္သာရီ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က အဆိုပါ ဒရုန်းသင်တန်းဆင်းပွဲကို တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) မှာ ပြုလုပ်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်ဖွဲ့ဖြစ်တဲ့ စောနဂါးဒရုန်းတပ်က ဦးဆောင်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းသင်တန်းကို မွန်တော်လှန်ရေးဘက်က မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့တွေလည်း တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူနဲ့ MSDF ၊ MSRF စစ်ရေးခေါင်းဆောင်တွေလည်း သွားရောက်ခဲ့ကြောင့် ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်တော်လှန်ရေးတပ်တွအနေနဲ့ စစ်ရေးအရှိန်မြှင့်တင်ဖို့ ကိစ္စရပ်တွေကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုတွေ ရှိထားတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်နယ်နဲ့ တနင်္သာရီမှာ MSDF ၊ MSRF ၊ NUG လက်အောက်ခံ PDF တွေနဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့်ပြီး တိုးချဲ့လှုပ်ရှားနိုင်ဖို့ ယေဘူယျ ဆွေးနွေးထားတာတော့ ရှိတယ်၊ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ပူးတွဲစစ်ဆင်ရေးတွေလုပ်ဖို့ သဘောတူထားတာတွေလည်း ရှိပါတယ်” လို့ ဒေါက်တာ သီရိမွန်ချမ်းက ဆိုပါတယ်။

၄၅ ရက်ကြာခဲ့တဲ့ ဒရုန်းသင်တန်းမှာ ရဲဘော်တွေ ရဲမေတွေဟာ မိခင်တပ်ဖွဲ့၊ လာရောက်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း နယ်မြေ မတူညီပေမယ့် အချင်းချင်းကြား ရင်းနှီးမှုတွေကို တွေ့ရှိရတာကြောင့် အနာဂတ်စစ်ဆင်ရေးမှာ မွန်ပြည်ကိုယ်စားပြုတပ်တွေနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေ တနင်္သာရီ ကရင်ဘက်က တပ်ဖွဲ့တွေ အားလုံး အကျိုးဖြစ်မယ့် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မှာကို ယုံကြည်ကြောင်း ဒေါက်တာ သီရိမွန်ချမ်းက သုံးသပ်ပြောဆိုခဲ့ပါတယ်။

The Tanintharyi Times