မြို့ပေါ်တိုက်ပွဲတွေ ဆက်နေတဲ့ တနင်္သာရီ
မြို့ပေါ်တိုက်ပွဲတွေ ဆက်နေတဲ့ တနင်္သာရီ
စခန်းသိမ်းတိုက်ပွဲတစ်ခုနဲ့ နှစ်ဟောင်းကို အဆုံးသတ်ခဲ့တဲ့ တနင်္သာရီတိုင်းမှာ အခုနှစ် သစ်အစမှာတော့ မြို့ပေါ်တိုက်ပွဲတွေကို ဆင်နွဲနေတာ တစ်မြို့ထက်မက ရှိနေပါပြီ။
တိုင်းရဲ့ မြို့တော် ထားဝယ်မြို့ပေါ်မှာ မနေ့ကညပိုင်းကပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေဟာ မြို့ရဲ့တောင်ဘက်ခြမ်းက ဘုမ္မော်နဲ့ ကြက်စားပြင်ရပ်ကွက်တွေမှာ ည ၉ နာရီခွဲလောက်ကစပြီး အများအပြားထွက်ပေါ်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးကတော့ ကင်းလှည့်လာတဲ့ ကောင်စီတပ်သားတွေ အလစ်တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
“စဖြစ်ဖြစ်ချင်းနာရီဝက်လောက်က အပြန်အလှန်ပစ်ကြတယ်။ တော်တော်ကိုကြမ်းတာ။ ပေါက်ကွဲသံတွေ အတွဲလိုက်ပစ်သံတွေအစုံပဲ” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေဟာ ထားဝယ်မြို့ပေါ်က စောမိညိုဘုရားလမ်းဆုံ၊ စောမိညိုဘုရားအဝင်လမ်းတလျှောက်၊ ကျန်းမာရေးလမ်းတလျှောက်နဲ့ ကြက်စားပြင်ရထားဘူတာနေရာတွေမှာ ထွက်ပေါ်ခဲ့တာလို့ မြို့ခံတွေက ပြောပြကြပါတယ်။
ထားဝယ်မြို့ပေါ်တိုက်ပွဲဟာ နယ်နိမိတ်ချင်းကပ်နေတဲ့ လောင်းလုံးက မြို့ပေါ်တိုက်ပွဲပြီးတာနဲ့ စတာလို့ ပြောရပါမယ်။
လွန်ခဲ့တဲ့ နှစ်ရက်က မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်းအပြင် ရေကြောင်းကနေပါ ပူးပေါင်းတိုက်ခိုက်ရတာမျိုး ရှိခဲ့ပါတယ်။
စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ မြို့ဘက်ကို ပစ်ခဲ့လို့ အရပ်သားအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သလို နေအိမ် တချို့လည်း ထိိခိုက်ပျက်စီးခဲ့ပါတယ်။
လောင်းလုံးနဲ့ ထားဝယ်က မြို့ပေါ်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့လည်း မြို့ခံတွေကဆိုပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မနေ့ညက ထားဝယ်မြို့ပေါ်က ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာပဲ စောမိညိုဘုရားလမ်းထဲက ထန်းရည်ရောင်းတဲ့ တဲနှစ်ဆောင်ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့တဖက်တည်းပစ်ခတ်တဲ့အသံတွေကိုတော့ ညသန်းခေါင်ကျော် ၁ နာရီလောက်အထိ မြို့ခံတွေ ကြားနေခဲ့ရပါတယ်။
ထားဝယ်မြို့နယ်က ကျောက်ထုစခန်းကို ပြီးခဲ့တဲ့လ ၂၄ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် အခုတပတ် အတွင်းမှာပဲ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို မောင်းမကန်ရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက နှစ်ကြိမ်အထိတိုက်ခိုက်ခဲ့တာ ရှိပါတယ်။
The Tanintharyi Times
