ဘုတ်ပြင်းမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး
ဘုတ်ပြင်းမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး
ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့က မနက် ၈ နာရီဝန်းကျင်မှာ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ငါးရွာအနီးက KNLA စစ်ဆေးရေးဂိတ်ကို ကင်းအချိန်းအပြောင်းလုပ်တဲ့ ရဲဘော်တွေကို စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ စတင်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
လေညာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၆၁) က စစ်ကောင်စီတပ်သား ၉၀ ဝန်းကျင်က လမ်းမှာကင်းပုန်းဝပ်ကာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကမနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေကဆိုပါတယ်။
အဲ့ဒီနောက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကနေ လေညာတံတားကြီး စစ်ကောင်စီစစ်ဆေးဂိတ်ကို ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၂) က ယာယီတပ်ခွဲမှူး ရဲဘော်နဂါးက ဆိုပါတယ်။
“ ချောင်းမွန်ဂိတ်ဘက်ကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတော့ ကျနော်တို့က လေညာစကစဂိတ်ကို ပြန်သွားတိုက်တဲ့သဘောပါ။ ဟိုဘက်က အင်အားကို ပြန်ခွဲထုတ်ချင်တာမျိုးပါ” လို့ ရဲဘော်နဂါးက ပြောပါတယ်။
လေညာတံတားစစ်ကောင်စီဂိတ်ကို မနေ့က မွန်းလွဲ ၂ နာရီလောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချောင်းမွန်ငါးရွာဘက်က စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ခန့် ပြန်ရောက်လာချိန် ညနေ ၄ နာရီဝန်းကျင်မှ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တပ်ဆုတ်ခဲ့တယ်လို့ ရဲဘော်နဂါးဆီက သိရပါတယ်။
မနေ့က ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိမရှိကို အတည်ပြုစုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော်တစ်ဦး အနည်းငယ်ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ လေညာကိုရောက်ချိန်ကစလို့ ခမရ (၅၆၀) တပ်ရင်းထဲနေ လက်နက်ကြီးတွေ စတင်ပစ်ခတ်ခဲ့ပြီး အနီးနားက ကွမ်းခြံထဲကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လေညာရွာ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းခြံလုပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူက လေညာရွာဒေသခံ အသက် ၁၇ နှစ်အရွယ် မောင်မြတ်ဟိန်းသူဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရရှိသူနှစ်ဦးကို ပြည်ကြီးမဏ္ဍိုင်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ကွမ်းသီးရွေးနေကြတဲ့နေရာကို လက်နက်ကြီးလာကျတာဗျ။ တစ်ယောက်ကတော့ပွဲချင်းပြီးပဲ။ အခုလည်း ရွာထဲကလူတွေ အတော်လန့်နေကြတယ်ဗျ” လို့ လေညာရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
လက်ရှိဒီကနေ့မှာတော့ စစ်ကောင်စီဘက် ချောင်းမွန်ငါးရွာကို ဆက်လက်စစ်ကြောင်းထိုးနေပြီး လေညာတံတားမှာတော့ အစစ်အဆေးတင်းကြပ်လျှက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေမှာ KNLA တပ်ရင်း (၂၀၃) ရဲ့ တပ်ခွဲ (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း တပ်ခွဲ (၁)နဲ့ တပ်ခွဲ (၂)၊ ဘုတ်ပြင်းမြို့နယ်ပကဖနဲ့ Flying Star Force တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
The Tanintharyi Times