စစ်ကောင်စီတပ်က ပကာရီရွာထဲ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားလေးဦးဒဏ်ရာရ
စစ်ကောင်စီတပ်က ပကာရီရွာထဲ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားလေးဦးဒဏ်ရာရ
ထားဝယ်မြို့နယ်မှာရှိတဲ့ ပကာရီရဲစခန်းကစစ်ကောင်စီတပ်သားတွေက လူနေကျေးရွာထဲကိုလက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသားလေးဦးဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ပကာရီရဲစခန်းကနေ ပကာရီရွာထဲကို လက်နက်ကြီးနှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။ အဲဒီထဲကလက်နက်ကြီးကျည်တစ်လုံးဟာ ပကာရီရွာလမ်းဆုံအနီးက ဖုန်းဆိုင်တစ်ခုပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဆိုင်မှာရှိနေတဲ့ အမျိုးသားလေးဦးကို လက်နက်ကြီးထိမှန်ခဲ့တာပါ။
“တစ်ယောက်ကတော့ ဒဏ်ရာစိုးရိမ်ရတယ်။ ကျန်တဲ့သုံးယောက်ကတော့ အနည်းအကျဥ်းပဲထိကြတာပါ။ ဆိုင်လည်းပျက်စီးသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ ဒဏ်ရာပြင်းထန်သူကတော့ အသက် ၂၀ ဝန်းကျင်အရွယ် ကိုအောင်ကိုဖြိုးဆိုသူဖြစ်ပါတယ်။

သူအပါအဝင်လေးဦးစလုံးကိုတော့ ဒီနေ့မွန်းလွဲပိုင်းမှာပဲ ထားဝယ်မြို့ကစစ်တပ်ဆေးရုံကို ကားနဲ့တင်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က အခုလိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဟာ ကော်သူးလေတပ်မတော်ရဲ့ရဲဘော်တွေက ကားတစ်စီးနဲ့ရဲစခန်းရှေ့ကဖြတ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်သွားတာကြောင့်လို့ ဆိုပါတယ်။
“သူတို့ကကားနဲ့ဖြတ်ပြီး တစ်ချက်ပစ်ခဲ့တာ။ သက်သက်မဲ့စခဲ့တာမျိုးပါ။ လာတိုက်ရင်လည်းတိုက်ပေါ့။ ဒီမှာရှိနေတဲ့စစ်တပ်က သူတို့ဘာသာဆိုမပစ်ဘူးလေ။ လာစလို့ပြန်ပစ်တော့အခုထိတာပဲ” လို့ ဒေသခံအမျိုးသားကပြောပါတယ်။
မနေ့ကလည်း တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်လို့ ကျည်စထိမှန်ပြီးအပြင်းအထန်ဒဏ်ရာရနေတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
အခုလ ၃ ရက်နေ့ကလည်း ဘုန်ပြင်းမြို့နယ်၊ ချောင်းမွန်ငါးရွာအနီးမှာ KNLA နဲ့စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လေညာရွာက ဒေသခံ လူငယ်တစ်ဦးလက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
The Tanintharyi Times
