အာဏာရှင်သံသရာမှာ မြေဇာပင်တွေ ဖြစ်နေဦးမှာလား
အာဏာရှင်သံသရာမှာ မြေဇာပင်တွေ ဖြစ်နေဦးမှာလား
ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သူတို့ရရှိနေတဲ့ လစဉ်လစာဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း အခွန်အဖြစ် ပေးဆောင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ပအခြေစိုက် မြန်မာသံရုံးတွေက အခုတစ်ပတ်ထဲမှာ ထုတ်ပြန်လာပါတယ်။
တကယ်တော့ ဒီအခွန်ပေးဆောင်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန က ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကတည်းက အကောင်အထည်ဖော် ပြင်ဆင်လာခဲ့တာဖြစ်ပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အခုနှစ် အောက်တိုဘာလ ၁ ရက်ကစလို့ ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ ( ဒီအတွက် အခွန်ပေးဆောင်တဲ့အခါ သုံးလစာ ပေးဆောင်ရမှာဖြစ်ပါတယ်။)
ဝင်ငွေခွန်ကိစ္စမတိုင်မီ စက်တင်ဘာလအစပိုင်းမှာ စစ်ကောင်စီဟာ ပြည်ပထွက်ခွာမယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ ရရှိတဲ့ လစာဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ပြန်လွှဲရမယ်လို့လည်း ထုတ်ပြန်ခဲ့သလို အဲဒီကာလ ပြည်ပ ထွက်ခွာတဲ့ အလုပ်သမားတွေကိုလည်း တရားဝင်ပြန်လွှဲမယ်ဆိုတာကို ခံဝန်ထိုးခိုင်းခဲ့ပါသေးတယ်။ ဒါကလည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမကြောင့် တရားဝင်ငွေလွှဲပြောင်းမှု နည်းပါးလာတဲ့အပေါ် ကန့်သတ် စည်းကြပ်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီနောက် တစ်ဆက်တည်းမှာ၂၀၁၂ ခုနှစ်ကတည်းက အတည်ပြုထားတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အတွက် အခွန်ကင်းလွတ်ခွင့် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး အခွန်အကောက်ဥပဒေမှာ ဝင်ငွေခွန် ၂ ရာခိုင် နှုန်းပေးဆောင်ရမယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့အရေးယူဒဏ်နဲ့ ပြည်တွင်းမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလာနေတဲ့ စီးပွားရေးအခြေအနေကြောင့် စစ်ကောင်စီဟာ နိုင်ငံခြားသုံးငွေ အကြီးအကျယ် လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အစောပိုင်းကာလမှာ နိုင်ငံခြားသုံးငွေ အဝင်အထွက်ရှိနေတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အပေါ်စည်းကြပ်တာ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအရှိုက်ထိနေတဲ့ စစ်ကောင်စီအတွက် ဒီအစီအမံက ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေခဲ့တာမို့ နိုင်ငံခြားသုံးငွေ ရပေါက်ရလမ်းတစ်ခုဖြစ်တဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ဝင်ငွေခွန်ကောက်ခံဖို့အတွက် ထပ်မံပြီး ဂဠုန်ဆားချက် ကြံစည်လာ တာဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတွေဆီကနေ ဝင်ငွေခွန်ကောက်ခံဖို့အတွက် စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ်ကို ကန့်သတ်ထိန်းချုပ်တဲ့ ခြိမ်းခြောက်မှုကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ဝင်ငွေခွန်မပေးဆောင် ရင်၊ အခွန်ကင်းရှင်းကြောင်း အထောက်အထားမရှိရင် ပတ်စပို့သက်တမ်း ထပ်မံတိုးမပေးဘူး၊ ပြည်ပကို ထွက်ခွာ ပြီး အလုပ်လုပ်ကိုင်ခွင့်မပေးဘူး ဆိုတာပါပဲ။ ဒါ့အပြင် တရားဝင်ငွေလွှဲပြောင်းမှု ၂၅ ရာခိုင်နှုန်း အထောက်အထား မရှိရင်လည်း နိုင်ငံကူးလက်မှတ် ပိတ်သိမ်းပယ်ဖျက်မယ်လို့ ဆိုထားတာဖြစ်ပါတယ်။
ဒီခြိမ်းခြောက်မှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စစ်ကောင်စီကို မဖြစ်မနေ အခွန်ပေးဆောင် ရမယ့် သဘောဖြစ်နေပြီး မပေးဆောင်ရင် နိုင်ငံခြားပြန်ထွက်မရတာ၊ နိုင်ငံခြားမှာ ဆက်လက်နေထိုင်ပြီး အလုပ်လုပ်ခွင့် မရတာမျိုးတွေ ကြုံတွေ့ရလာမယ့် သဘောဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်တာဖြစ်ဖြစ်၊ ပြည်ပမှာရှိနေ ပြီးနောက် ဆက်လက်အခြေချ အလုပ်လုပ်ကိုင်လိုတာကြောင့်ပဲဖြစ်ဖြစ် အဓိကလိုအပ်ချက်က နိုင်ငံကူးလက်မှတ် သက်တမ်းပါပဲ။ နိုင်ငံကူးလက်မှတ် သက်တမ်းရှိနေမှ ပြည်ပမှာဆက်လက်အလုပ်လုပ်ကိုင်ဖို့အတွက် အဆင်ပြေ မှာဖြစ်ပါတယ်။ အဲဒီအတွက် ဝင်ငွေခွန်ဆောင်ပြီးမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမယ်ဆိုတဲ့ အချက်က ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လည်ပင်းကို အဓမ္မအတင်းညှစ်ပြီး အကြပ် ကိုင်ခံရတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကနေ ပြည်တွင်းမှာရှိနေတဲ့ မိသားစုတွေဆီကို တရားဝင်ငွေလွှဲပြောင်းပေးပို့မှုဟာ တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်မှာ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲကျော်ထိ ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကို ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ခွာကြတဲ့ ပြည်သူတွေ ဘယ်လောက်များများရှိနေလဲဆိုတာကို ညွှန်းဆိုပြနေတာဖြစ်သလို စစ်ကောင်စီအတွက် အဲဒီရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ နိုင်ငံခြားငွေ ဘယ်လောက်များများ ရမလဲဆိုတာကို နားခွက်မီးတောက်စေခဲ့တာပါပဲ။ ( ငွေလိုနေတဲ့ လူတစ်ယောက် ငွေဘယ်ကရနိုင်မလဲ သွေးရူးသွေးတန်း အဆင်ခြင်မဲ့ လျှောက်စဉ်းစားလုပ်ကိုင်နေ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။)
တကယ်တော့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအပါအဝင် တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ဗြိတိန်၊ အိန္ဒိယ အ စရှိတဲ့ နိုင်ငံတွေအပါအဝင် ၈ နိုင်ငံနဲ့ အခွန်နှစ်ထပ်မကျသင့်ရေး သဘောတူစာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ အခွန်နှစ်ထပ်ဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံမှာလည်းအခွန်ပေးဆောင် ရ၊ ကိုယ့်နိုင်ငံကိုလည်း အခွန်ပြန်ပေးရ ဆိုတာမျိုးမဖြစ်အောင် နှစ်ထပ်အခွန် ကင်းလွတ်ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။
ဒါက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဗိုလ်ချုပ်နေဝင်း၊ ဦးသန်းရွှေတို့ရဲ့ စစ်အာဏာရှင်စနစ် တစ်လျှောက်လုံးမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခွန်နှစ်ထပ်ပေးဆောင်ခဲ့ကြရတာဖြစ် ပါတယ်။ အခု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ၎င်းရဲ့ စီနီယာအာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ လမ်းကို တ သွေမတိမ်းလိုက်ကာ သဘောတူစာချုပ်တွေကို မျက်ကွယ်ပြုပြီး ပြည်သူ့ဂုတ်သွေးကို ခွစုပ်ဖို့ လုပ်ဆောင် လာခဲ့တာပါပဲ။
တရားဝင်စာရင်းဇယားတွေရဲ့ အဆိုအရ အိမ်နီးချင်းထိုင်းနိုင်ငံမှာ နှစ်နိုင်ငံနားလည်မှုစာချွှန်လွှာ ( MoU) အပါအဝင် ပုံစံမျိုးစုံနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၇ သန်းကျော် ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း၊ ကာတာ၊ ဂျော်ဒန် အစရှိတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁ ဒသမ ၄ သန်းနီးပါး ရှိနေခဲ့တာဖြစ်ပါတယ်။ ( ဒီထက်မကသော ပမာဏလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်။)
စစ်ကောင်စီဟာ ဒီရွှေ့ပြောင်းလုပ်သားတွေဆီက ဝင်ငွေခွန်ကောက်ခံမှုကို ဝင်ငွေ၊ အသက်မွေးဝမ်းကြောင်းပညာ၊ စီးပွားရေးလုပ်ငန်း စတဲ့အမျိုးအစားသုံးမျိုးခွဲခြားပြီး ကောက်ခံမှာဖြစ်ပါတယ်။ ဒီခွဲခြားမှုအရ ဝင်ငွေခွန်ပေးဆောင် ရမှုပမာဏလည်း ကွဲပြားသွားမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေခွန်ကောက်ခံမှု အစီအမံအရ စစ်ကောင်စီဟာ လစဉ်အမေရိ ကန်ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားဝင်ငွေကို ရရှိနေမှာဖြစ်ပါတယ်။ ဒီဝင်ငွေဟာ စစ်ကောင်စီလို အပ်နေတဲ့ နိုင်ငံခြားသုံးငွေစရိတ်နဲ့ ပြည်သူကို ချေမှုန်းနေတဲ့ စစ်လက်နက်အသုံးစရိတ်တွေ ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။
အခွန်ပြဿနာဟာ အရင်က ပြည်တွင်းက ပြည်သူတွေကြုံတွေ့ဖြတ်သန်းနေရတဲ့ အကြောင်းတရားဖြစ်ပြီး လက်ရှိမှာတော့ ပြည်ပက ပြည်သူတွေပါ ကြုံတွေ့လာရတဲ့ အကြောင်းဖြစ်လာခဲ့တာပါပဲ။ ပြည်တွင်းက ပြည်သူတွေ အတွက် အခွန်ဆောင်တာ ၊ မဆောင်တာနဲ့ပတ်သက်လို့ ရွေးချယ်ဖို့ အခွင့်အလမ်းရှိနေပေမဲ့ ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားတွေအတွက်က ရွေးချယ်စရာမရှိတဲ့ အခြေအနေမျိုးကြုံတွေ့လာရတယ်ဆိုတာကတော့ ငြင်းမရဘူး ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပြည်တွင်းက ပြည်သူတွေဟာ စစ်ကောင်စီကို အခွန်မဆောင်ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်ပြီး နေနိုင်သလို၊ မဖြစ်မနေအခွန်ပေးဆောင်မှ ရမယ်ဆိုတဲ့ အခြေအနေမျိုးမှာ အတတ်နိုင်ဆုံး စစ်ကောင်စီထံကို ငွေ ကြေးအများကြီး မရောက်ဖို့ သုံးစွဲမှုလျော့ချပြီး ဆင်ခြင်နေထိုင်တာမျိုး ရွေးချယ်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ကူးလက်မှတ်အသက်ဝင်မှ အလုပ်လုပ်ကိုင်လို့ရနိုင်မယ့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် က ပြတ်ပြတ်သားသားရွေးချယ်စရာ အခွင့်အလမ်း မရှိသလောက်ဖြစ်နေခဲ့တာပါပဲ။
ဒီနေရာမှာ အခွန်ဆောင်တာ ၊ မဆောင်တာဆိုတဲ့ အကြောင်းတရားက အဓိက မဟုတ်ပါဘူး။ အဲဒီအကြောင်း တရားကို ကျော်လွန်ပြီး လက်ရှိကြုံတွေ့နေရတဲ့ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ဂုတ်သွေးစုပ်၊ လည်ပင်းညှစ်လုပ်ဆောင် နေတဲ့ အကျိုးအကြောင်း အရင်းအမြစ်ဟာ စစ်အာဏာရှင်နဲ့ ယင်းရဲ့ စနစ်ကြောင့်ဆိုတာကို ဒုတ်ဒုတ်ထိ ရင်ထဲ အသည်းထဲက ခံစားသိမြင်ဖို့ပဲ ဖြစ်ပါတယ်။
ဒီဖိနှိပ်ကန့်သတ်မှု အခြေအနေတွေကနေ အလုံးစုံကင်းစင်လွတ်မြောက် ဖို့ဆိုတာဟာ စစ်အာဏာရှင်စနစ် အပြီးသတ်ဆိတ်သုဉ်းသွားမှသာ ဖြစ်တည်အကောင်အထည်ပေါ်လာမယ် ဆိုတာကို ပြတ်ပြတ်သားသားသိနားလည်ဖို့ပါပဲ။
ဒီအတွက် လက်ရှိ စစ်အာဏာရှင်နဲ့ ယင်းစနစ် အမြစ်ပြတ်အောင် ခုခံတော်လှန်နေတဲ့ အကြောင်းရဲ့ အစိတ်အပိုင်း များစွာထဲ တစ်စုံတစ်ရာပါဝင်ပတ်သက်ခြင်းက ကြုံတွေ့နေရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ မြန်မြန်အဆုံးသတ်သွား စေ မယ့် အချင်းအရာ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ။ တဆက်တည်းအခုလိုပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အတိ ဒုက္ခတရား တွေနဲ့ပတ်သက်လို့ တော်လှန်ရေးဦးဆောင်မှုထဲရှိနေသူတွေရဲ့ စဉ်းစားဆင်ခြင်မှု ဦးနှောက်ဘားကို ဖွင့် ဖို့လိုအပ်တယ်နေဆိုတာလည်း အသေအချာပါပဲ။

ဒါက နွေဦးအောင်နိုင်ခြင်းဟာ လက်နက်ကိုင်ခုခံစစ်ရဲ့ရလဒ်တစ်ခုတည်းမှာ မှီတည်မနေဘဲတော်လှန်ရေးဦးဆောင် သူတွေရဲ့ ဉာဏ်အမျှော်အမြင်နဲ့ ဦးနှောက်ကိုလွှာသုံးထားတဲ့ မဟာဗျူဟာ အစီအမံတွေအပေါ်မှာလည်း မူတည်နေ တယ်ဆိုတာပါပဲ။ သဘောက ပြည်သူကို တိုက်တွန်းနှိုးဆော်နေရုံတင်မဟုတ်ဘဲ မူအရရော၊ လက်တွေ့အရပါ အ ရေးကြုံလာတဲ့အခါ ပြည်သူကို အကာအကွယ်ပေး ညှိနှိုင်းစီမံနိုင်တဲ့ ဦးဆောင်မှုမျိုး ရှိနေဖို့ဆိုတာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြည်သူဟာ တကယ့်ကို မြေဇာပင် စစ်စစ်တွေအဖြစ် အာဏာရှင်စနစ်ကြီးထဲ ပေးရင်း၊ ဆပ်ရင်း သံ သရာလည်နေတော့မှာ အသေအချာပါပဲ။

