သရက်ချောင်းမြို့နယ်က နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓားမြတိုက်

သရက်ချောင်းမြို့နယ်က နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓားမြတိုက်

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာက နေအိမ်ဆယ်ဆောင်ထက်မနည်းကို စစ်ကောင်စီတပ်သားတွေက တအိမ်ဝင်တအိမ်ထွက်ဓားပြတိုက်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေငွေတွေ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝင်းဝရဲစခန်းအနီးမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေထဲက ဆယ်ဦးလောက်ဟာ ထားဝယ် - မြိတ်ကားလမ်းပေါ်က မင်းဒပ်ရွာထဲကို ဒီကနေ့မနက် ၈ နာရီခွဲလောက်က ဝင်ရောက်လာပြီး စာသင်ကျောင်းအနီးက နေအိမ်တွေကို ဓားပြတိုက်ခဲ့တာပါ။

“အိမ်တွေမှာ လူရှိတယ်ဗျာ။ အကုန်လုံးကိုအိမ်ပြင်မှာ ဒူးထောင်ခိုင်းပြီး ဝင်ယူသွားကြတာ။ အဲဒီအချိန် လက်နက်ကြီးတွေလည်း ပစ်တယ်” လို့ဒေသခံ အမျိုသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကနေ ဆိုင်ကယ် သုံးစီး၊ ဖုန်း ငါးလုံး၊ ရွှေ ငါးကျပ်သား၊ ငွေကျပ် သိန်း ၁၀၀ အပြင် တန်ဖိုးကြီးအသုံးအဆောင်တွေ၊ အဝတ်အစားတွေယူ သွားသလို ကုန်စုံဆိုင်တွေမှာ ရောင်းကုန်တွေအကုန်ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ မင်းဒပ်ရွာထဲကနေ မနက် ၁၀ နာရီလောက်မှာ ထွက်ခွါသွားပြီး ရွာထဲကမထွက်ခင်မှာ နောက်တစ်ကြိမ်ဆို အိမ်တွေကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်ခဲ့ သေးတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မင်းဒပ်ရွာ ကားလမ်းမပေါ်မှာရှိတဲ့ ထမင်းဆိုင်နဲ့စျေးဆိုင်အများအပြားကိုလည်း စစ်ကားတွေဆင်းလာရင် သတင်းပေးနေတယ်လို့စွပ်စွဲကာ ပြီးခဲ့တဲ့လကစလို့ ပိတ်ခိုင်းထားတယ်လို့ ရွာခံတွေကဆိုပါတယ်။

မင်းဒပ်ရွာက စျေးဆိုင်တန်းဟာ ​ထားဝယ်-မြိတ် သွားလာ​နေတဲ့ အဝေးပြေးကားတွေ ထမင်းစားနား​တဲ့နေရာဖြစ်ပြီး အခုလိုပိတ်ခိုင်းထားတာကြောင့် အဝေးပြေးယာဥ်တွေ ရပ်နားတာမျိုးမရှိတော့ဘူးလို့ ​ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်ထဲက ညင်းမော်ရွာနဲ့ စစ်ပြဲရွာတွေကိုလည်း အခုတပတ်အတွင်းမှာပဲဝင်ရောက်ပြီး နေအိမ်တွေက ဆိုင်ကယ်၊ ဖုန်း၊ ရွှေငွေနဲ့တန်ဖိုးကြီး ပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်သွားခဲ့တာတွေ ရှိပါတယ်။