ဝါဒဖြန့်ချိရေး သင်ခန်းစာတွေကို ကျောင်းသင်ရိုးအဖြစ်ထည့်သွင်းဖို့ စစ်ကောင်စီပြင်ဆင်လာ

ဝါဒဖြန့်ချိရေး သင်ခန်းစာတွေကို ကျောင်းသင်ရိုးအဖြစ်ထည့်သွင်းဖို့ စစ်ကောင်စီပြင်ဆင်လာ

စစ်တပ်ရဲ့ အာဏာရှင်စနစ် ဝါဒဖြန့်ရေး သင်ခန်းစာတွေ ကျောင်းသင်ရိုးအဖြစ်ထည့်သွင်းသင်ကြား ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားပါတယ်။

အခုလက်ကျန် စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အကြမ်းဖက်ဥပဒေ စတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ ကျောင်းသား/ကျောင်းသူတွေကို သင်ကြားပေးပို့ချဖို့ ရှိနေတယ်လို့ BACS ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီပိုင် သတင်းစာမှာ အခြေခံပညာကျောင်းက ဆရာ/ဆရာမတွေကို ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ပို့ချနေတယ်လို့ ရေးသားခဲ့ပါတယ်။

ရန်ကုန်ရှိ တိုက်ကြီး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်ခရိုင်က ဆရာ/ဆရာမ စုစုပေါင်း ၁၆၀ ကျော်ကို ၁၀ ရက်ကြာ သင်တန်းပို့ချခဲ့တာ ဖြစ်ပါတယ်။

BACS ရဲ့ ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဆရာ/ဆရာမတွေကို စစ်ကောင်စီဝါဒဖြန့် ဥပဒေတွေအကြောင်း ရက်တိုသင်တန်းပို့ချနေပြီး အဲဒီကနေတဆင့် Grade 11 ၊ Grade 12 အတန်း အပါအဝင် ကလေးငယ်တွေ ဆယ်ကျော်သက်တွေဆီ ပျံ့နှံ့ရောက်ရှိဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေ ထည့်သွင်းသင်ကြားဖို့ အစီအစဉ်ဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေ ကျင့်သုံးခဲ့ကြတဲ့ အာဏာတည်မြဲရေး ဗျူဟာတစ်ခုဖြစ်ပြီး ဒါအကောင်အထည်ဖော်ဖြစ်သွားရင် ကလေးတွေအတွက် ရင်လေးစရာဖြစ်တယ်လို့ မူလတန်းကျောင်းအုပ် တာဝန်ယူခဲ့သူ CDM ကျောင်းဆရာတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“ပညာရေးက တိုင်းပြည်ရဲ့ ပင်မမြစ်ကြီးပဲ၊ အဲဒီပင်မမြစ်ကို သင်းသတ်ပစ်ထားမှ သူတို့ လုပ်ချင်တာ ဆက်လုပ်လို့ရမှာ၊ ဒီစကစ ဝါဒဖြန့် ဘာသာရပ်တွေကနေတဆင့် ကလေးတွေဆီ အတွေးမှား၊ အမြင်မှား ၊ အသိမှားတွေ ရိုက်ထည့်ပစ်ပြီး ကလေးတွေရဲ့ အတွေးအမြင်တွေကို သူတို့ပိတ်ပစ်ကြမှာ၊ ဒါက ကလေးတွေရဲ့ လက်ရှိပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ရော ဆိုးဝါးတဲ့ သက်ရောက်မှုတွေပဲ၊ သူတို့ထည့်သွင်းမယ့် ဒီဘာသာရပ်တွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေအတွက်လည်း စိန်ခေါ်မှု ဖြစ်လာနိုင်တယ်” လို့ CDM ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ဒီအစီအစဉ်ကို စစ်ကောင်စီ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေပြီး သင်တန်းတက်ရောက်ခဲ့တဲ့ ဆရာ/ဆရာမ အရေအတွက်က ရန်ကုန်မှာ ၃၀၀ ကျော်၊ မကွေးမှာ ၃၀၀ ကျော်၊ မော်လမြိုင်မှာ ၁၀၀ နီးပါး ရှိခဲ့သလို မကြာမီမှာ အလားတူသင်တန်းမျိုးတွေ စတင်အကောင်အထည်ဖော်လာနိုင်ချေရှိတယ်လို့ BACS က ပြောဆိုထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ညောင်ရွှေ၊ ကလော၊ ဟဲဟိုး၊ ကရင်နီပြည်ထဲက လွိုင်ကော်မြို့တို့မှာ မှုခင်းအသိပညာပေး သင်တန်းတွေနဲ့ တွဲဖက်ပြီး ဥပဒေပညာဖြန့်ဝေရေးလို့ အမည်တပ်ထားတဲ့ ဝါဒဖြန့်သင်တန်း အမျိုးအစားတွေကို အခြေခံကျောင်းတွေမှာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ပြည်သူ့ဘက်တွေသားတွေဘက်ကို အမုန်းစကားတွေနဲ့ အမုန်းစိတ်တွေ သူတို့သွင်းကြမှာ၊ ရိုင်းရိုင်းနှိုင်းပြရရင် စာသင်ခန်းတွေထဲ အဲကောင်တွေ ဗုံးခွဲလိုက်ရင်တောင် အခန်းထဲ ရှိတဲ့ကလေးတွေပဲ သေကြမှာ၊ ခု ထည့်သွင်းဖို့ပြင်နေတဲ့ ဘာသာရပ်တွေက အသင်ကြားခံ ကလေးတွေရဲ့ နောက်မျိုးဆက်တွေအထိ၊ လူသားရင်းမြစ်ကြီးကို ခြိမ်းခြောက်သံကြီးပါ။ ကျနော်က ကျောင်းထဲကျန်ခဲ့တဲ့ကလေးတွေ မျက်နှာပြေးမြင်ပြီး တုန်လှုပ်မိပါတယ်ဗျ” လို့ CDM မူလတန်းကျောင်းအုပ် ဆရာက မှတ်ချက်ပြုပါတယ်။

ပြည်သူတွေကို မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ ဥပဒေ၊ စစ်တပ်စိတ်တိုင်းကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်တံဆိပ်ကပ်ထားတဲ့ အကြမ်းဖက်ဥပဒေတွေကို စစ်ကောင်စီက အခြေခံကျောင်းရှိ ဆယ်ကျော်သက်၊ ကလေးငယ်တွေဆီ ဝါဒဖြန့်သင်ကြားဖို့ ပြင်ဆင်နေခြင်းသာ ဖြစ်တယ်လို့ BACS အဖွဲ့က သုံးသပ်ပြောဆိုထားပါတယ်။

The Tanintharyi Times