စပါးရိတ်ချိန်တန်ပေမယ့် ပုလောက တောင်သူတွေစပါးမရိတ်နိုင်
စပါးရိတ်ချိန်တန်ပေမယ့် ပုလောက တောင်သူတွေစပါးမရိတ်နိုင်
ပုလောမြို့နယ်မှာ နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် စပါးရိတ်ဖို့အခက်အခဲဖြစ်နေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတာတွေ၊ နယ်မြေအခြေအနေကြောင့် တစ်နေရာနဲ့တစ်နေရာသွားလာရခက်လို့ လိုအပ်တဲ့ ကိရိယာတွေဝယ်လို့မရတာ စတဲ့အခြေအနေတွေကြောင့် စပါးရိတ်ချိန်တန်ပေမယ့် မရိတ်နိုင်သေးဘဲဖြစ်နေကြတာပါ။
ပုလောမြို့နယ်ထဲက ပလမြို့၊ သင်္ကန်းတော၊ ကျောင်းနိမ့်၊ တန်းရှင်း၊ ကဒဲ၊ မင်းပြင်၊ ဘိုင်းပြင်၊ မင်းထိန်ရွာက စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ အခုချိန်ထိ တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံထောင်နဲ့ချီထွက်ပြေးနေကြရပါတယ်။
အဲဒီဒေသခံတွေဟာ နေရပ်ပြန်လို့မရသေးလို့ စပါးရိတ်သိမ်းချိန်ရောက်နေပမယ့် မရိတ်နိုင်သေးဘူးလို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ရွာတွေကို ရိတ်သိမ်းခြွေလှေ့စက်မဝင်ရဲကြသလို တောင်သူတွေကိုယ်တိုင် လယ်ထဲမဆင်းရဲကြဘူးလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
စပါးရိတ်သိမ်းခြွေလှေ့စက်ငှားခဟာ တစ်ဧကကို ၁၂၀၀၀၀ ကျပ်ရှိပြီး စက်ငှားခရဲ့ တစ်ဝက်ကို စရံပေးချေထားရတာလို့ စပါးစိုက်တောင်သူတွေက ဆိုပါတယ်။
“စက်က ပုလောကစက်ပဲ။ မလုပ်ဖြစ်ရင် စရံဆုံးမယ်ဆိုပြီး ငှားကတည်းက ညှိထားပြီးသား။ သူတို့ဘက်က နားလည်မှုနဲ့ပြန်ပေးရင်တော့ ကောင်းတာပေါ့။”လို့ ပလမြို့ခံစပါးစိုက်တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။
ချွေရိတ်စက်အခက်အခဲအပြင် စပါးရိတ်မယ့် တံစဥ်အတွက်လည်း အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အိမ်မှာက တံစဉ်ရှိတယ်။ သွေးနေကျ ပန်းပဲဖိုက တခြားရွာကိုပြောင်းသွားပြီလေ။ မြို့တက်ပြီးလုပ်ဖို့ကျတော့လည်း မတက်ရဲဘူး။”လို့ သင်္ကန်းတောရွာခံ စပါးစိုက်တောင်သူအမျိုးသမီးက ပြောပါတယ်။
တခြားနေရာမှာ တံစဉ်အသစ်သွားဝယ်ဖို့နဲ့ တံစဉ်သွားသွေးဖို့ဆိုရင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးသွားရမှာဖြစ်တဲ့အတွက် မသွားရဲဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေလုပ်ဆောင်လေ့ရှိပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပုလောက ဒေသခံတွေဟာ အချိန်မီစပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြပါတယ်။ စပါးတွေကို အောက်တိုဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလနောက်ဆုံးထားရိတ်သိမ်းကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုလောမှာ အခုနှစ် ဩဂုတ်လထဲမှာ မိုးအဆက်မပြတ်ရွာလို့ မိုးကြီးရေလျှံဖြစ်ပြီး စပါးခင်းတွေပျက်စီးခဲ့လို့ နောက်တစ်ကြိမ်ပြန်စိုက်ထားရတယ်လို့လည်း သိရပါတယ်။
The Tanintharyi Times
