စစ်ပွဲကြားက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးငယ်တွေ
စစ်ပွဲကြားက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးငယ်တွေ

စစ်ကောင်စီတပ်ဖွဲ့တွေက ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်၊ မြေပြင်ကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်လို့ စာသင်နေတဲ့ ကလေးငယ် ရှစ်ဦး သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းကဖြစ်စဉ်ဟာ အခုဆိုရင် အချိန် နှစ် နှစ်ကျော်လွန်ခဲ့ပါပြီ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကနေ လွတ်မြောက်ရှင်ကျန်ခွင့်ရခဲ့တဲ့ ကလေးတွေကတော့ အဲ့ဒီရွာကလေးမှာပဲ အခုအချိန်အထိ စာဆက်လက် သင်ယူနေကြဆဲပါ။
ဒါပေမယ့် ကလေးတွေ စာသင်ယူနေတယ်ဆိုတာက “အမည်တပ်ရုံရယ်၊ သူတို့စိတ်ဝင်စားမှု မရှိဘူး” လို့ ဆရာမက ပြောပြပါတယ်။
လုံခြုံရေးကြောင့် အမည်မဖော်ပြလိုတဲ့ ကျောင်းဆရာမက အသက် ၄၃ နှစ်အရွယ်ပါ။ သားသမီး သုံးဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီလက်ယက်ကုန်းအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတွေထဲက တစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။
“ဆိုင်ကယ်တွေဘာတွေ ဖြတ်သွားရင် အသံလေးနည်းနည်း မြင့်သွားပြီဆိုလို့ရှိရင် ဆိုင်ကယ်အသံလို့ သူတို့ မထင်တော့ဘူး။ လေယာဉ်သံထင်တော့ကျတော့ အရံသင့် လွယ်အိတ်ကလေးတွေ ကိုင်ပြီးတော့ ပြေးဖို့ရာ လုပ်နေကြတဲ့ အနေအထားတွေ” လို့ တိုက်ခိုက်ခံရမှု ဖြစ်စဥ်ကနေ လွတ်မြောက်ခဲ့တဲ့ ကလေးတွေရဲ့ စာသင်ခန်းထဲက စိတ်အခြေအနေကို ဆရာမက ပြောပြပါတယ်။
စာသင်ချိန်မှာတောင် လွယ်အိတ်တွေကို မချထားနိုင်ပဲ တစ်စုံတစ်ခုဖြစ်လာရင် ထွက်ပြေးဖို့ အသင့်အနေအထားနဲ့ ဖြစ်နေတဲ့ ကလေးတွေရဲ့အပြုအမူဟာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြသနေတာလို့ ပြောရမှာပါ။
အနိဌာရုံတွေ ပြည့်နေတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ စစ်ပွဲတွေကို တွေ့ကြုံရတာတွေက လူကြီးတွေသာမက ကလေးငယ်တွေကိုပါ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ကလေးငယ်တွေဟာ သူတို့ပတ်ဝန်းကျင်က ဆိုးရွားတဲ့ ဖြစ်ရပ်တွေအပေါ် တုံ့ပြန်မှုအမျိုးမျိုးရှိကြပေမဲ့ သူတို့ရဲ့ခံစားချက်ကို ကောင်းကောင်းမဖော်ပြတတ်လို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိရှိနိုင်ဖို့တော့ ခက်ခဲတယ်လို့ WHO က ပြောထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းအရ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အရွယ် ကလေးသူငယ်ခုနစ်ဦးမှာ တစ်ဦးက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါက တကမ္ဘာလုံး စာရင်းပါ။ မြန်မာမှာတော့ သီးသန့်စာရင်း မတွေ့မိပေမဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ကလေးငယ်တွေဟာ ဘက်စုံစိတ်ကျန်းမာရေး ပံ့ပိုးမှုတွေ အရင်ကထက် ပိုလိုအပ်နေပြီလို့ သတိပေးထားပါတယ်။
လက်ယက်ကုန်းဒေသက စိတ်ရောကိုယ်ပါ ထိခိုက်ဒဏ်ရာရနေကြတဲ့ ကလေးသူငယ်တွေကတော့ စိတ်ကျန်းမာရေးပံ့ပိုးမှုတွေထက် သူတို့ရဲ့တစ်ခုတည်းသော ကျောင်းရဲ့ ကောင်းကင်ယံမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဥ်တွေ ဝဲပျံနေတာကိုသာ ဒီကနေ့အချိန်အထိ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အဲ့ဒီကျောင်းလေးမှာ အသက် ၆ နှစ်ကနေ အသက် ၁၇ နှစ်အရွယ် ကလေးသူငယ်ပေါင်း ၂၃၅ဦး တက်ရောက်နေပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ၊ လက်ယက်ကုန်းအကြမ်းဖက်ခံရမှုထဲ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေထဲမှာ Grade 1 ကျောင်းသား အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇလည်း ပါပါတယ်။ ဆရာမရဲ့ သားသမီးသုံးဦးထဲက ဒုတိယသားဖြစ်တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ဟာ သူနဲ့ဝမ်းကွဲညီ တော်စပ်တဲ့ မောင်ဘုန်းတေဇ သွေးသံတရဲရဲနဲ့ သေဆုံးသွားတဲ့ မြင်ကွင်းကို မြင်တွေ့ခဲ့ရပါတယ်။
“သူ့ ညီလေး ဘုန်းတေဇ သေတာ သူ့ရှေ့မှာတင်ဆိုတော့ သားသား အဲ့ဖြစ်တုန်းက တော်တော်စိတ်ဒဏ်ရာ ရပါတယ်” လို့ မိခင်ဖြစ်သူ ဆရာမက ပြောပါတယ်။
ဖြစ်စဉ်ကြုံတွေ့ပြီးစအချိန်တွေမှာ ညဘက်တွေမှာ လန့်ပြီးအော်တာ၊ အမေကို မျက်စိအောက်က လုံးဝအပျောက်မခံတွေ ဖြစ်ခဲ့တယ်လို့ ဆရာမက ပြောပြပါတယ်။
တပြည်နယ်လုံးနီးပါး စစ်ဘေးသင့်နေတဲ့ ကရင်နီပြည်မှာလည်း စစ်ပွဲကြောင့် မိဘတွေ မောင်နှမတွေ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးသွားရတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတာတွေကြောင့် သူများနဲ့မတူတော့တဲ့ စိတ်ခံစားချက်နဲ့ နေထိုင်တဲ့ ပုံစံရှိနေတဲ့ ကလေးတွေ ရှိနေတယ်လို့ မော်ဖရေးမြာက ပြောပါတယ်။ ကလေး အယောက် ၁၀၀၀ လောက်မှာ စိတ်ပိုင်းဆိုင်ရာ နှေးကွေးသွားတယ်ဆိုတဲ့ ကလေးအရေအတွက်က ၃၀ ဦးလောက် ရှိနေတယ်လို့ သူက ဆိုတယ်။
မော်ဖရေးမြာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးပါ။ ကရင်နီပြည်က ဒီးမော့ဆို အရှေ့ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းနဲ့ စာသင်ကျောင်း ၂၀ လောက်က ကလေးငယ်ပေါင်း ၁၀၀၀ နီးပါးအတွက် အကူအညီတွေပေးနေသူ၊ ဂီတနဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးနိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။
ကရင်နီ စစ်ရှောင်စခန်းတွေကို ပြီးခဲ့တဲ့လမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာတွေ ရှိပါတယ်။ဗုံးကြဲခံရပြီးနောက် ရက်ပိုင်းအကြာမှာ ဗုံးဒဏ်သင့်နေရာက ကလေးတွေဟာ အိမ်အပြင်ကို လုံးဝထွက် မဆော့တော့ပဲ အိမ်ထဲမှာပဲ နေနေတာမျိုးကို စေတနာ့ဝန်ထမ်းတွေ တွေ့ခဲ့ရပါတယ်။
အဲ့ဒီကလေးတွေဟာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် မတိုင်မီက လေကြောင်းရန်အတွက် လေ့ကျင့်တာတွေ လုပ်ထားဖူးသူတွေပါ။ ဒါပေမယ့် လက်တွေ့မှာ ကလေးတွေ ကြုံရတာနဲ့ မတူလှဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ အသက် ၃၀ အရွယ်ရှိ စေတနာ့ဝန်ထမ်း အမျိုးသမီးက ဆိုပါတယ်။
“လေ့ကျင့်ပေးတဲ့ဟာနဲ့ တကယ့် တကယ် ကြုံရတဲ့ဟာကျတော့ ကွာခြားတော့ အသံကြားတာနဲ့တင် အဲ့ကလေးဆို ငိုပဲ ငိုနေတော့တာပေါ့နော်။ သူ့အမေကိုပဲ သူတမ်းတ ကိုယ့်အမေကို ပြန်တွေ့နိုင်မလားဆိုတဲ့ အတွေးက ရှိနေတာပေါ့။” လို့ အဆိုပါ စေတနာဝန်ထမ်းက ပြန်ပြောပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရှောင်နေရတဲ့ ကလေးတွေလည်း အလားတူပါပဲလို့ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ မြေပြင်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လေယာဉ်လာတယ်ဆိုရင် သူတို့ ည အိပ်မပျော်တဲ့အပိုင်းနဲ့ ကလေးအနေနဲ့တောင်မှ ပြောတတ်တယ်ပေါ့နော်။ သူတို့ကိုယ်တိုင်ကလည်း ရွာထဲမှာ တွေ့ကြုံခံစားရတော့လေ။ နောက်တခုက သူတို့ ပြေးလာရတဲ့အခါမှာ ရွာမှာနေသလိုမျိုး အိမ်မှာနေသလိုမျိုး မုန့်တွေမစားရတဲ့အပိုင်းကို သူတို့ ပြောလေ့ရှိတယ်”လို့ ရှမ်းမြောက်ဒေသက ကလေးငယ်တွေ ကြုံတွေ့ နေရတာကို သူက ပြန်လည်ပြောပြပါတယ်။
စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်ကျေးရွာစစ်ရှောင်စခန်းက မသေဘဲ ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေလည်း လက်ယက်ကုန်း၊ ရှမ်းမြောက်နဲ့ ကရင်နီက ကလေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေ ထပ်တူကျနေတာ တချို့ကို တွေ့ရပါတယ်။ ကလေးမိဘတွေ ပြောပြချက်အရ စစ်ရှောင်စခန်းဗုံးကြဲခံရပြီးနောက်ပိုင်းမှာ ကလေးငယ်တွေက သွက်လက်မှု မရှိတော့ဘဲလူကြီး၊ မိဘတွေကို တွယ်ကပ်နေတတ်တာ၊ အသံကျယ်ကျယ်ကြားတာနဲ့ အော်ငိုတာတွေအပြင်၊ ညဘက် အိပ်ချိန်မှာ မအိပ်တာ၊ လန့်နိုးတာမျိုးတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ စာရင်းအရ စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေတဲ့ဒုက္ခသည် ၁၈ ဒသမ ၆ သန်းရှိလာပြီး အဲ့ဒီထဲက ၆ သန်းက ကလေးငယ်တွေ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာဆိုရင်တော့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကလေးငယ်က ၄၃ သန်းကျော် ရှိပါတယ်။
ကလေးတွေရဲ့ အခွင့်အရေးဖြစ်တဲ့ ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးကို လျစ်လျူရှုခြင်းဟာ ကလေးတွေရဲ့ သင်ယူနိုင်စွမ်း၊ ကြီးထွားဖွံ့ဖြိုးနိုင်စွမ်းနဲ့ ရှင်သန်တိုးတက်နိုင်စွမ်းတွေကို များစွာ သက်ရောက်မှုရှိတာကြောင့် မိသားစုတိုင်း၊ ကျောင်းတိုင်း၊ လူမှုအသိုက်အဝန်းတိုင်းက စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေကို ဦးစားပေးဖို့ လိုပါတယ်လို့ ယူနီဆက်(ဖ်) က ဆော်ဩထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာပြည်ကကလေးသူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ကုစားရေး အစီအစဉ်တွေကို လက်လှမ်းမမီနိုင်ဖြစ်နေပါတယ်။
ကရင်နီမှာတော့ ဘာသာရေး အဖွဲ့အစည်းတွေကနေ ကလေးတွေကို မေတ္တာတွေ့ဆုံပွဲဆိုတဲ့ အစီအစဉ်တွေ ဆောင်ရွက်နေတာ ရှိပေမယ့် လုံခြုံရေးအရ ကလေးငယ် အနည်းအကျဉ်းသာ ပါဝင်ခွင့်ရသေးတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ စေတနာ့ဝန်ထမ်း အမျိုးသမီးက ဆိုပါတယ်။
ဂီတနဲ့ ကလေးစိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ ကြိုးပမ်းနေတဲ့ မော်ဖရေးမြာကတော့ ကလေးတွေကို အာဟာရကျွေးတာ၊ ကပြဖျော်ဖြေမှုတွေလို Activity တွေ လုပ်ဆောင်ပေးနေပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတို့ဟာ ပျော်ရွှင်မှုတွေ ရလာပြီး စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်တွေလည်း ရှိလာမယ်လို့ မော်ဖရေးမြာတို့ လူငယ်တွေက ယုံကြည်ထားပါတယ်။
ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့အရာတွေနဲ့ ကြုံရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှု Psychological First Aid ကို လုပ်ဆောင်ပေးဖို့နဲ့ ကလေးတွေ နေပျော်အောင် နေသာအောင် Child Friendly Space လို နေရာတွေ ရှိဖို့ လိုအပ်တယ်လို့ စိတ်ကျန်းမာရေး အထူးကု ဆရာဝန် ဒေါက်တာ လင်းလုက အကြံပြုပါတယ်။
“ကလေးတွေကို Psychological First Aid ပေးလိုက်နိုင်ခြင်းအားဖြင့် သိသာတယ်။ လက်ရှိ ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲတွေက သူတို့အတွက် အစိုင်အခဲ ဖြစ်မနေတော့ဘူး။ Trauma တွေ ဖြစ်မနေတော့ဘူး။ သူတို့ရဲ့ ရေရှည် အသက်တွေကြီးလာတဲ့အခါမှာလည်း စိတ်ဒဏ်ရာကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဖြစ်ပွားနိုင်ချေ ပိုနည်းသွားတာပေါ့နော်” လို့ စိတ်ကျန်းမာရေး အထူးကုက ပြောပါတယ်။
Child Friendly Space နေရာတွေကို လုပ်ဆောင်ပေးထားတာကလည်း စိတ်ပိုင်းဆိုင်ရာအတွက် ခွန်အားတွေ ပေးနိုင်ပြီး နောက်ဆက်တွဲ စိတ်ကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရာခိုင်နှုန်း တော်တော်များများကိုလည်း ကာကွယ်သွားနိုင်မယ်လို့ သူက ထပ်လောင်းအကြံပြုပါတယ်။
လက်ယက်ကုန်းမှာတော့ ဒေါက်တာ လင်းလု အကြံပြုချက်ပေးခဲ့သလိုပဲ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဘာသာရေးအရ ဘုရားမီး ပူဇော်တာ၊ လက်မှုပညာတွေ သင်ပေးတာ၊ ပန်းချီဆွဲတာ၊ ကပြ ဖျော်ဖြေပေးတာတွေကို အရပ်ဘက်အဖွဲ့အစည်းတချို့က လုပ်ဆောင်ပေးနေတာပါ။
ဒါပေမယ့် စိတ်ဒဏ်ရာရခဲ့တဲ့ သားလေးရဲ့ မိခင်၊ ကျောင်းသားတွေရဲ့ ဆရာမကတော့ ဒါတွေဟာ ခဏတာ အထောက်အကူသာ ဖြစ်ပြီး စစ်အာဏာရှင် ကျရှုံးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရပြီးမှသာ စိတ်ဒဏ်ရာတွေ ပျောက်ကင်းသွားမှာလို့ ယူဆကြပါတယ်။
လတ်တလောမှာတော့ ဗုံးခိုကျင်းတွေကသာ ကလေးတွေကို စိတ်လုံခြုံမှု အနည်းငယ် ပေးနိုင်တယ်လို့လည်း ဆရာမက မှတ်ချက်ပြုပါတယ်။
“အမ လူရိုင်းအတွေးကတော့ စစ်အာဏာရှင် ကျရှုံးရင် ဘာမှကုစရာမလိုဘူး၊ ပျောက်သွားမယ်လို့ ထင်တယ်” လို့ ဆရာမက ပြောပါတယ်။
စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကတော့ PTSD လို့ ခေါ်တဲ့ Post-Traumatic Stress Disorders စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အရင်တုန်းက ဖြစ်ခဲ့တာတွေ ပြန်ပြန်တွေးမိလိုက်တိုင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရမယ်ဆိုရင်၊ အဲ့ဒီခံစားချက်ကို မရှောင်လွဲနိုင်ပါက အရက်နဲ့ မူးယစ်ဆေးဝါးစွဲသူတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။
ဒါပေမယ့် ဒေါက်တာ လင်းလုပြောဆိုတဲ့ အခြေအနေထက် စောလျင်စွာ ကရင်နီပြည်မှာဆိုရင် အသက် ၁၀ နှစ်အောက် ကလေးတွေကအစ ဆေးလိပ်သောက်နေတာတွေကို မြင်ရတာ ပိုများလာတယ်လို့ မော်ဖရေးမြာက ပြောပြပါတယ်။
“ဒီကာလက ကြာလာပြီဆိုတော့လေ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပစ်ထားလို့မရဘူးပေါ့နော်” လို့သာ မော်ဖရေးမြာက ဆိုပါတယ်။
တိုက်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးကြားကာလတာဝန်ရှိသူတွေက မိသားစုတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကို ဆောင်ရွက်ပေးနိုင်မှသာ ကလေးတွေရဲ့ စိတ်အနာတရတွေကို ကုစားပေးရာရောက်သလိုစာသင်ကျောင်းတွေမှာ ကလေးတွေနဲ့ အနီးကပ်ရှိနေကြတဲ့ ဆရာ၊ ဆရာမတွေကလည်း စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေကို ပြသပေးဖို့ လိုအပ်တယ်လို့ ကလေးသူငယ်အရေး လုပ်ဆောင်နေသူတွေက တိုက်တွန်းကြပါတယ်။
တကယ်တော့ စာသင်ကြားရုံ ဆော့ကစားရုံလောက်သာ အာရုံစိုက်ရမယ့် ကလေးတွေဟာ အာဏာမက်မောသူ လူကြီးတွေ ဖန်တီးတဲ့ စစ်မက်ကြောင့် စိတ်ဒဏ်ရာကိုယ်စီ ပိုက်ရင်း မျှော်လင့်ချက်မဲ့နေတဲ့ အနာဂတ်ခရီးကြမ်းကို ဆက်လက်ဖြတ်သန်းသွားရပါဦးမယ်။
ကွန်းဟဒေ့
The Tanintharyi Times